အငြိမ်းစားမြန်မာစာကထိက ဆရာမကြီးတဦး နေအိမ်အတွင်း အသတ်ခံထားရ

ဇွန် ၁၂-၂၀၂၂
VOM ( GG)

ရန်ကုန် ၊မရမ်းကုန်းမြို့နယ် ၊၉ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမှာနေထိုင်တဲ့ အငြိမ်းစားဆရာမကြီးတဦး နေအိမ်အတွင်း လက်ကို ကြိုးတုပ်ကာ အသတ်ခံခဲ့ရမှု မနေ့ ဇွန် ၁၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရတဲ့ ဆရာမကြီးဟာ ရန်ကင်းပညာရေးကောလိပ်၊ မြန်မာစာ(ကတိက-ငြိမ်း) ဒေါ်ညွှန့်ညွှန့်စိန် အသက် ၆၅ နှစ်ဖြစ်ပြီး နေအိမ် အိပ်ခန်း ခုတင်ဘေးကြမ်းခင်းပေါ်မှာ ဘေးတစ်စောင်း ဒူးကွေးလျက်အနေအထားနဲ့ လက်နှစ်ဖက်ကို ဖုန်းအားသွင်းကြိုးနဲ့ ချည်တုပ်ထားကြောင်း၊ မျက်လုံး နှစ်ဖက်လုံး ဖူးရောင်ဒဏ်ရာ၊ ဘယ်ဘက် မျက်ခုံးအောက် ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

” သူ့တူပြောပုံအရတော့ လက်ပ်တော့နဲ့ ဖုန်းမရှိတော့ဘူးပြောတယ်။နေအိမ်မှာပဲ ဝင်လုပ်သွားတာ၊ဆရာမကြီးကတစ်ယောက်ထဲနေတာ။လောလောဆယ်သိရတာတော့လက်ပ်တော့နဲ့ဖုန်းပဲပေါ့။ ဆရာမကြီးကလည်း တစ်ယောက်ထဲနေတာဆိုတော့ ဘာပစ္စည်းတွေပါသွားလည်းမသိရဘူး။လက်ကိုကြိုးတုပ်ထားတယ် ဦးခေါင်းကိုရိုက်ခံထားရတယ်။မနေ့ကတော့ ဆေးရုံကိုပို့ထားတယ်။ “လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပရဟိတသမားတစ်ဦးကပြောပါတယ်။

အငြိမ်းစားဆရာမကြီး ဒေါ်ညွန့်ညွန်စိန်ဟာ နေအိမ်မှာ တစ်ယောက်ထဲနေထိုင်သူဖြစ်ကြောင်း ၊ လက်ရှိမှာတော့ ဆရာမကြီးရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

“ဆရာမကြီးကတိုက်အမှတ်(၃၀၁/ခ)၊ ပထမလွှာ၊ အခန်းအမှတ် (ခ/၁၂)မှာ တစ်ယောက်ထဲနေတာ။အမြဲတွေ့နေရတယ် သူကတစ်ယောက်ထဲဆိုတော့ သတိတော့ရှိတယ်၊လူရင်းပဲဝင်လို့ရတယ်၊ ဆရာမကြီးကို လက်ပြန်ကြိုးပါတုပ်ပြီးသတ်သွားတာ ရင်ထဲနင့်နေအောင်ခံစားရတယ်။ပစ္စည်းယူရုံတင် အားမရဘူး လူကိုပါသတ်သွားတယ် “လို့ ဆရာမကြီးရဲ့တပည့်တယောက်ကပြောပါတယ်။

ဆရာမကြီး အသတ်ခံရပြီးနောက် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး တရားခံ ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။

ရန်ကုန်မှာ နေအိမ်အတွင်းဝင်ရောက်လုယက်တာတွေ၊ နေထိုင်သူအိမ်ရှင်တွေကို အန္တရာယ်ပေးတာတွေ၊လူသတ်တာတွေ၊လမ်းမပေါ်မှာ ရိုက်နှက်ပြီးပစ္စည်းလုယက်တာတွေဟာ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကထိကဆရာမကြီး #နေအိမ်အတွင်းအသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW