မျောက်ကျောက်ရောဂါ ကူးစက်မှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်ကော်မတီ အစည်းအဝေးခေါ်ရတော့မယ်

ဂျီနီဗာ၊ ဇွန်-၁၅-၂၀၂၂
မျိုးဆက်(VOM)

မျောက်ကျောက်ရောဂါ ကူးစက်ပျံ့ပွားမှုဟာ နိုင်ငံတကာမှာ စိုးရိမ်ဖွယ်ရာပြည့်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်နေခြင်းရှိမရှိ အကဲဖြတ်ဖို့ အရေးပေါ်ကော်မတီ အစည်းအဝေးကို လာမယ့် သီတင်းပတ်မှာ ခေါ်ယူမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၃၉ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁၆၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ဆိုပါတယ်။

အဲဒီရောဂါဟာ အာဖရိကဒေသတွေမှာသာ ဖြစ်ပွားလေ့ရှိပေမယ့် လက်ရှိမှာတော့ အနောက်နိုင်ငံတွေမှာပါ ပျံ့နှံ့နေပြီး ထိန်းချုပ်ရေးအတွက် နိုင်ငံတကာအနေနဲ့ ညှိနှိုင်းတုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။

အရေးပေါ်ကော်တီအစည်းအဝေးကို ဇွန် ၂၃ ရက်မှာပြုလုပ်မှာဖြစ်ပြီး နိုင်ငံတကာမှ ကျွမ်းကျင်သူတွေကိုလည်း ဖိတ်ကြားမှာဖြစ်ကာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ အီဘိုလာနဲ့ ပိုလီယိုဖြစ်ပွားမှုတွေအတွက် အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာခဲ့ဖူးပြီး ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့လည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ အလားတူ ကြေညာခဲ့ပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW