စစ်ကိုင်းမြို့နယ်က ပဒူရွာမှာ ၄လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ဇွန် ၊ ၁၆-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ပဒူကျေးရွာမှာ မနေ့ ဇွန် ၁၅ ရက် နေ့လယ်ပိုင်းက ကုန်စုံဆိုင် လင်မယားကို လာသတ်တဲ့သူတွေက ဆိုင်ရှင်လင်မယား ၂ ယောက်အပြင် စျေးဝယ်နေတဲ့ လူ ၂ ယောက်ကိုပါ သတ်ဖြတ်သွားတဲ့ ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” ဖြစ်တာက မနေ့က နေ့ခင်း ၁၂ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ မျက်နှာဖုံးစွပ်ထားတဲ့ လူတစုက ကုန်စုံဆိုင် ပိုင်ရှင် ကိုစိုင်း ခေါ် ကိုစိုင်းသီဟနဲ့ သူ့မိန်းမ မစံပယ်တို့ လင်မယား ၂ ယောက်ကို သတ်တယ် ၊ အဲ့ဒီ အချိန်မှာ စျေးဝယ်လာတဲ့ ဦးဖိုးလပြည့် ခေါ် လုံချောနဲ့ ကိုသန်းမြတ်စိုးဆိုတဲ့ လူ ၂ ယောက်ကိုပါ သတ်သွားတာ “လို့ နာရေးကူညီမှုအဖွဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက ” ဆိုင်ရှင်လင်မယာကိုသတ်တယ် ၊ နောက်ပြီး စျေးဝယ်နေတဲ့ လူ ၂ ဦးကိုပါ ဆက်သတ်တယ် အားလုံး ၄ ယောက်သေတယ် ၊ အမှုဖွင့်အရေးယူဖို့ စစ်ဆေးနေပါတယ် “လို့ ပြောပါတယ်။

ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းအစောပိုင်းကလည်း စစ်ကိုင်းမြို့နယ် ၊ ပန်းချီးကျေးရွာမှာ မိသားစုလိုက် အိမ်လုံးကျွတ် အသတ်ခံရတဲ့အတွက် ကလေးငယ် ၂ ဦးအပါအဝင် လူ ၄ ဦး သေဆုံးကာ ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက် ၊ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကလည်း စစ်ကိုင်းမြို့နယ် ၊ သာဇင်ကျေးရွာက အသက် ၁၂ နှစ်အရွယ် မိန်းကလေးနဲ့ အဖေဖြစ်သူတို့ အိမ်မှာ အိပ်ပျော်နေတဲ့အချိန် သေနတ်နဲ့ ပစ်သတ်ခံရတဲ့အတွက် သားအဖ ၂ ယောက်စလုံးသေဆုံးသွားရတဲ့ ၂ လောင်းပြိုင် လူသတ်မှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ဧပြီ ၂၅ ကနေ ဒီလ ၁၅ ရက်နေ့အထိ စစ်ကိုင်းမြို့နယ်မှာ မိသားစုလိုက် အသတ်ခံရတဲ့ လူသတ်မှုဖြစ်စဥ် ၃ ကြိမ်ဖြစ်ပွားပြီး သေဆုံး ၁၀ ဦး နဲ့ ဒဏ်ရာရသူ ၂ ဦး အထိရှိခဲ့တာပဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ပဒူကျေးရွာ #၄လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW