ပုဏ္ဏားကျွန်းမြို့ပေါ် မှာ ပစ်ခတ်သံတွေကြောင့် ဒေသခံတွေစိုးရိမ်နေ

ဇွန် ၁၆- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်း ၃ နာရီကျော်လောက်က ပစ်ခတ်သံတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် မြို့တွင်းလူသွား လူလာတွေမရှိသလောက်နည်းပါးသွားပြီး ဒေသခံတွေကြား စိုးရိမ်မှု မြင့်တက်နေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြို့ခံတွေကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ပစ်ခတ်သံတွေကြားရတာဟုတ်မှန်ကြောင်းနဲ့ အသေးစိပ်အချက်အလက်တွေကို ပြောရခက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နာရီပိုင်းလောက်က ပုဏ္ဏားကျွန်းမြို့တွင်း အခြေအနေနဲ့ပတ်သက်ပြီး အမည်မဖော်လိုတဲ့ ဒေသခံ တဦးက “ သေနတ်ပေါက်သံတော့ကြားလိုက်ပါတယ်။ ညနေ ၃ နာရီခွဲလောက်မှာ သေနတ်ပစ်သံ ၅ လောက်ချက်ကြားလိုက်ရပါတယ်။ နောက်ပြီး ညနေပိုင်း ၅ နာရီခွဲလောက်ကလည်း ၅ ချက်လောက်ကြားလိုက်ပါတယ်။ လက်နက်ငယ်သံပါပဲ။ ဘယ်ကနေ ဘယ်ကိုပစ်တာလဲ မသိပါဘူး။ ဘယ်လိုဖြစ်တာလဲဆိုတော့ ၅၅၀ တပ်ရင်းအနီးမှာ စစ်သားတစ်ယောက်ကို အေအေက ဖမ်းသွားတယ်လို့ကြားပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်- စစ်တွေ ပြည်ထောင်စုလမ်းမကြီးပေါ်မှာလည်း ရဲနဲ့စစ်တပ်တို့ လုံခြုံရေးချထားပြီး အဲဒီလမ်းတလျှောက် ကား၊ ဆိုင်ကယ် လူသွားလူလာတွေ မရှိသလောက်ဖြစ်သွားတယ်လို့ အဲဒီဒေသခံကပြောပါတယ်။

လက်ရှိမှာ ပုဏ္ဏားကျွန်းမြို့အတွင်းက ပြည်သူတွေဟာ မိမိအိမ်ထဲမှာသာ နေထိုင်နေကြပြီး ပစ်ခတ်သံတွေ စတင်ကြားချိန်ကတည်းက မြို့တွင်းဈေးဆိုင်တွေလည်း ပိတ်လိုက်ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းမောင်က “ မြို့ထဲမှာတော့ ကျနော်တို့အပိုင်းမှာ ငြိမ်သက်နေကြပါတယ်။ တခြားရပ်ကွက်တွေမှာလည်း ဒီအတိုင်းပဲ ရှိမယ်ထင်ပါတယ်။ မြို့မဈေးကြီးလည်း အဲဒီသတင်းကြားကတည်းက သိမ်းသွားကြတယ်။ တခြားအဖမ်းအဆီးသတင်းတွေတော့ ဘာမှမကြားရသေးဘူး။ ဒါပေမယ့် မြို့တွင်းမှာတော့ ပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြပါတယ်” လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ပေါ်မှာ အခုလိုမျိုး ပစ်ခတ်သံထွက်ပေါ်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည်နှစ် နှစ်ကုန်ပိုင်းက စပြီး ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ဒေသတွင်းသတင်းတွေမှာဖော်ပြတာကတော့ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ခမရ (၅၅၀) တပ်ရင်းက စစ်သားတစ်ဦးကို တပ်ရင်းနဲ့ မလှမ်းမကမ်း ရန်ကုန်- စစ်တွေ ကားလမ်းဘေးမှာ အေအေအဖွဲ့ဝင်တချို့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်တပ်ဖက်ကလည်း အခင်းဖြစ်ပွားတဲ့ နေရာအနီးက အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ကို စစ်ဆေးမေးမြန်းဖို့ခေါ်ဆောင်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် VOM အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ အခုနောက်ပိုင်း တပ်မတော်နဲ့ အေအေကြား စစ်ရေးတင်းမာမှုတွေရှိလာပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ်မှာ တပ်မတော်သားတဦးကို အေအေက ဖမ်းဆီးခဲ့ပြီး တပ်မတော်ဖက်ကလည်း မြို့တွင်းကို ဝင်ရောက်နေရာယူတာရှိခဲ့တဲ့အတွက် ဒေသခံတွေကြား စိုးရိမ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့ထဲမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အဲဒီတုန်းက တပ်မတော်အရာရှိတဦး ဓားထိုးခံရကာ နေရာမှာတင် သေဆုံးသွားတဲ့ ဖြစ်စဉ်ရှိခဲ့ဖူးပါတယ်။

အဲဒီ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့မှာပဲ ပုဏ္ဏားကျွန်းမြို့ကနေ စစ်တွေမြို့ကိုသွားတဲ့ ကင်းချောင်းတံတားအလွန်မှာ တပ်မတော်ယာဉ်တန်းကို အေအေက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတဦးသေဆုံးခဲ့ကာ တပ်မတော်သားတွေ သေဆုံးမှုရှိမရှိကိုတော့ မသိကြောင်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပုဏ္ဏားကျွန်း #ပစ်ခတ်သံ #ဒေသခံတွေစိုးရိမ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW