ပုသိမ်မှာ လျှပ်စစ်မီး အလှည့်ကျပေးနေလို့ သောက်ရေသန့်ဈေးနှုန်း အဆမတန့်မြင့်တက်နေ

ပုသိမ် ၊ ဇွန် ၁၆-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ပုသိမ်မြို့မှာ လျှပ်စစ်မီး မကြာခဏပြတ်တာ၊အလှည့်ကျပေးနေတာတွေကြောင့် တခြားကုန်စျေးနှုန်းတွေနဲ့အတူ သောက်ရေသန့်ဘူးကြီးတွေလည်း အဆမတန်ဈေးမြင့်တက်လာလို့ ဒေသခံတွေအခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

”ပုသိမ်မှာတော့ ရေဘေးဒုက္ခ ထပ်ကြုံလာရပြန်ပါပြီ၊
ရေဈေးတက်တဲ့ပြဿနာ၊ရေလိုတဲ့ အချိန်မရတာကပြဿနာပါရှိနေတယ်။ရေဈေးကလည်း အဆမတန်မြင့်တက်နေတာပါ။အခုဈေးတက်နေတဲ့အပြင် ဝယ်မရတဲ့ပြဿနာတွေလည်းရှိနေတယ်။”လို့ ပုသိမ်မြို့ခံ
တဦးကပြောပါတယ်။

ပုသိမ်မှာတော့ အရင်က၂ဝ လီတာသောက်ရေသန့်ဘူးတဘူးကိုငွေကျပ် ၃ဝဝ နဲ့ယူပြီးတော့ ပြန်ရောင်းချနေရာကနေ ဇွန်လ ၁ ရက်ကနေ ဒီကနေ့အထိ ၂၀ လီတာသောက်ရေသန့်ဘူးတဘူးကို ငွေကျပ် ၁၅၀၀ နဲ့ရောင်းချနေရတာဖြစ်ဖြစ်တယ်လို့ ရေသန့်ဘူးရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။

”မီးမှန်ရင်တော့ ရေသန့်ထွက်တာလည်း မှန်တယ်။ ဈေးလည်းမှန်တယ်။အခုက မီးမမှန်လို့ ရေသန့် ထွက်တာနည်းတယ်။သောက်သုံးသူများလာတယ်။ ဒီတော့ ဈေးတက်သွားတာပါ။”လို့ ရေသန့်စက်ရုံ လုပ်ငန်းရှင်တဦးကပြောပါတယ်။

”ဒီဘက်ကအရင်က ၃ဝဝ ယူတယ်။ ၅ဝဝ ရောင်းရတယ်။ အခုက ၁၂၀၀ ဈေးနဲ့ယူရတော့ ၁၅ဝ၀ နဲ့ပြန်ရောင်းရတယ်။ဒါတောင်မှ ရေကအချိန်ပြည့်မရဘူး။ တချို့ဆို ၂၀ဝဝ နဲ့ရောင်း နေတာတောင်ရှိသေးတယ်။” လို့ ရေသန့်ကိုယ်စားလှယ်တဦးကပြောပါတယ်။

ပုသိမ်မြို့မှာ ရေသန့်ထုတ်လုပ်တဲ့စက်ရုံ ၂၁ ရုံရှိပြီး အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာထားတဲ့ သောက် ရေအိုးတွေ သောက်ရေပုံးတွေမှာ ရေပြတ်လပ်နေတယ်
လို့ ဒေသခံတွေဆီကနေသိရပါတယ်။

အဲ့ဒီရေသန့်အပြင်အခြားကုန်ပစ္စည်းတွေဖြစ်တဲ့ စားသုံးဆီ၊ စက်သုံးဆီ၊ဖုန်းငွေဖြည့်ကဒ်နဲ့ကလေးတွေရဲ့ကျောင်းဝတ်စုံတွေလည်းဈေးတက်နေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #ရေသန့်ဈေးနူန်းမြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW