မုံရွာခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်ကို သတ်တဲ့ကိစ္စမှာ ညွန်ကြားသူလို့စွပ်စွဲပြီး ရှေ့နေတယောက်ကိုဖမ်းဆီး

ဇွန် ၊ ၂၁ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ချမ်းမြဝတီရပ်ကွက် ၊ နှင်းဆီလမ်းမှာနေထိုင်တဲ့ ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦးအသတ်ခံရတဲ့ကိစ္စမှာ ညွန်ကြားသူလို့စွပ်စွဲပြီး မနေ့ ဇွန် ၂၀ ရက် ညနေပိုင်းက ကျောက္ကာလမ်းမကြီးပေါ်မှာ ရှေ့နေတယောက်ကို လုံခြုံရေးအဖွဲ့က ဖမ်းဆီးသွားတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။

” အဖမ်းခံရတဲ့သူက မုံရွာမြို့ ၊ ချမ်းမြဝတီရပ်ကွက် ၊ တိုင်းရင်းဆေးရုံး (၁၈)လမ်းမှာနေတဲ့ အထက်တန်းရှေ့နေ ဦးအောင်ချမ်းမြေ့ဖြစ်တယ် ၊ သူက အွန်လိုင်းစျေးရောင်းတယ်ဆိုတာပဲ သိရတာ “လို့ ချမ်းမြဝတီရပ်ကွက်ခံတယောက်က ပြောပါတယ်။

ဒီလ ၁၉ ရက် မနက် ၇ နာရီဝန်းကျင်က မုံရွာမြို့ ၊ ကျောက္ကာလမ်း ၊ ရွှေအိမ်နန်း တည်းခိုခန်းအနီး ၊ ပြည်သစ် ကွမ်းယာဆိုင်ရှေ့ ကားထဲမှာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသန်းဇော်ထွန်း ဆိုသူဟာ သေနတ်နဲ့ ပစ်သတ်ခံရတာ ဖြစ်ပါတယ်။

အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရဖို့အတွက် လမ်းတွေ ပိတ်ဆို့စစ်ဆေးတာ နဲ့ နေအိမ်တချို့ ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

” ခစဖ အဖွဲ့ဝင် ဦးသန်းဇော်ထွန်း ပစ်သတ်ခံရတာ မနက် ၇ နာရီဝန်းကျင်ဖြစ်တယ် ၊ မိနစ်ပိုင်းခြားပြီး ၇ နာရီ ၄၅ မှာ ကျောက္ကာလမ်းနဲ့ ရေကူးကန်လမ်းဆုံဘက်ကနေ ဗန္ဓုလလမ်းဘက်ကို ချိုးကွေ့ဝင်သွားတဲ့ ဆိုင်ကယ်ကို စစ်ဆေးတဲ့အခါ အစစ်ဆေးမခံပဲ ဆိုင်ကယ်ပေါ်ကနေ ပစ်ခတ်ထွက်ပြေးတယ် ၊ အဲ့ဒါကြောင့် ပစ်ခတ်ဖမ်းဆီးတဲ့အခါ လူငယ်တစ်ယောက် ပစ္စတိုသေနတ် ၂ လက် ၊ ကျည်ဆံ ၂၅ တောင့် ၊ ကျည်အိမ် ၃ ခု ၊ သေနတ်မှန်ထားတဲ့ ဖုန်း ၁ လုံး ၊ မှတ်ပုံတင် ၁ ခု သိမ်းဆည်းရမိတယ် ၊ အဲ့ဒီ ကွင်းဆက်ကို ဆက်လက်ဖော်ထုတ်တဲ့အခါ စေခိုင်းသူ ရှေ့နေ အောင်ချမ်းမြေ့ကို ဖမ်းဆီးရမိတာ ” လို့ မုံရွာနယ်မြေရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် ရှေ့နေ ဦးအောင်ချမ်းမြေ့ကို ဆက်လက်စစ်ဆေးတဲ့အခါ သေနတ် ၄ လက် ၊ လက်ပစ်ဗုံး ၅ လုံး ၊ ခဲယမ်း အရေအတွက် (စိစစ်ဆဲ) ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာခရိုင်အုပ်ချုပ်ရေးအဖွဲ့၀င် #သတ်တဲ့ကိစ္စ #ညွန်ကြားသူလို့စွပ်စွဲပြီး #ရှေ့နေတယောက်ကိုဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW