ပြန်ပေးဆွဲခံရတဲ့ ဆရာနဲ့ဆရာမကို ကျပ်သိန်း၁ထောင်နဲ့ ပြန်ရွေးခဲ့ရ

ဇွန် ၂၃-၂၀၂၂
SW(VOM)

မောင်တောမြို့နယ်မြောက်ပိုင်းမှာ ပြန်ပေးဆွဲခံရတဲ့ ဆရာနဲ့ ဆရာမတို့ကို မနေ့ ဇွန်လ ၂၂ ရက်နေ့ ည ၁၂ နာရီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ရခိုင်ရွာတစ်ရွာအတွင်း ဖမ်းဆီးတဲ့အဖွဲ့က ပြန်လွှတ်ပေးခဲ့​တယ်လို့ သိရပါတယ်။

သူတို့ပြန်လည်လွတ်မြောက်ဖို့ အစီအစဉ်တစ်ခုလုံးအတွက် ငွေကျပ်သိန်းပေါင်း ၁ ထောင်ကျော်ကို ဖမ်းဆီးတဲ့အဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ရ​တယ်လို့ မောင်တောမြို့နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။

မောင်တောမြို့နယ်ပညာရေးမှူးက “ဟိုဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြံချောင်းဆိုတဲ့ ရွာမှာ လာပို့တယ်လို့ ပြောတယ်။ ဘယ်အဖွဲ့ကလာပို့သလဲဆိုတာက အဖွဲ့နာမည်မပါဘူး။ သူတို့ကို ပြန်ပေးဆွဲထားတဲ့အဖွဲ့က ပြန်လွှတ်လိုက်တာပေါ့။ သူတို့ရဲ့တောင်းဆိုချက်တွေ(တာကာငွေတောင်းတာ)ကို ကျနော်တို့ဘက်က ပေးလိုက်တဲ့အတွက် ပြန်လွှတ်လာတယ်ပေါ့။ မြန်မာငွေ သိန်းတစ်ထောင်ပေးလိုက်ရတယ်။ လွှဲတာနဲ့ဆိုရင် သိန်းတစ်ထောင်ကျော်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ပြန်လည်လွှတ်မြောက်လာတဲ့ မောင်တောမြို့နယ် သင်္ဘောလှကျေးရွာက ကျောင်းအုပ်ဆရာနဲ့ ဆရာမတို့ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ခြမ်း ခြံချောင်းရွာက အသိမိတ်ဆွေ နေအိမ်မှာ ရောက်ရှိနေကြပြီဖြစ်​တယ်လို့ မြို့နယ်ပညာရေးမှူးက ပြောပါတယ်။

“သူတို့ ကျန်းမာရေးအခြေအနေတွေအဆင်ပြေ ကောင်းမွန်ပါတယ်။ ကျနော်တို့နဲ့တော့ မတွေ့ရသေးဘူး။ သူတို့နဲ့ အဆက်အသွယ်တော့ရတယ်။ သူတို့မှာက ဖုန်းတွေမပါမလာတော့ဘူး။ အဲဒီရွာကဖုန်းတလုံးနဲ့ သူတို့အဆက်အသွယ်လုပ်လာလို့ ရတာ။ နောက်ပိုင်း အဲဒီဖုန်းကိုဆက်တာ အဆက်အသွယ်မရဖြစ်နေတယ်။ သူတို့နှစ်ယောက်နဲ့ တွေ့ဆုံသွားဖို့ အစီအစဉ်လည်းရှိပါတယ်။ နံသာတောင်ဆရာတော်က အစီအစဉ်တွေလုပ်နေပါတယ်” လို့ ပြောပါတယ်။

မောင်တောသင်္ဘောလှကျေးရွာ မူလတန်းလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာမ တို့ကို ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ နည့်လယ်ပိုင်းက ရွာကနေ မောင်တောမြို့နယ်၊ ပညာရေးမှူးရုံးကဆင့်ခေါ်ချက်အရ ဆိုင်ကယ်တစီးနဲ့သွားစဉ် လမ်းခုလတ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့ပျောက်ဆုံးသွားတယ်ဆိုတဲ့ သတင်းကြောင့် အနီးအနားကျေးရွာတွေက ဒေသခံတွေလိုက်လံရှာဖွေခဲ့ကြပြီး အဲဒီနေ့မှာပဲ ဆရာနဲ့ ဆရာမတို့ စီးလာတဲ့ဆိုင်ကယ်တွေအပြင် ကျောင်းအသုံးအဆောင်ပစ္စည်း စာရွက်စာတမ်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲဒီနောက် ဇွန်လ ၁၉ ရက်နေ့အထိ ကျေးရွာသားတွေနဲ့ လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး တောနင်းရှာဖွေကြတဲ့အခါ ဒေသခံတွေကို အမည်မသိအဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် ဒဏ်ရာတွေရရှိခဲ့ပြီး ဇွန်လ ၂၀ ရက်နေ့မှာတော့ ရှာဖွေမှုကို မလုပ်တော့ဘဲ ရပ်ဆိုင်းခဲ့ကြပါတယ်။

အဲဒီ ပညာရေးဝမ်ထမ်း၂ဦးဟာ ဇွန်လ ၁၆ ရက်နေ့ကနေ ပြန်ပေးဆွဲဖမ်းဆီးခံရတဲ့ ၈ ရက်မြောက်နေ့မှာ ပြန်လွတ်လာတာဖြစ်ပြီး သူတို့နှစ်ဦးကို ပြန်ပေးဆွဲအဖွဲ့က ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၅၀ နဲ့ ပြန်ရွေးခိုင်းဖို့ ဇွန်လ ၁၇ ရက်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောကြားခဲ့​တယ်လို့ သိရပါတယ်။

အဲဒီ ပြန်ပေးဆွဲမှုဟာ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာကို ထုတ်ပြန်တာမျိုး လက်ရှိအချိန်ထိမတွေ့ရသေးဘဲ အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ဆရာ၊ ဆရာမတွေကို ပြန်ပေးဆွဲတာဟာ ARSA(အာဆာ) အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဇွန်လ ၂၀ ရက်နေ့က တွစ်တာကနေတဆင့် ပြောခဲ့ပါသေးတယ်။

အဲဒီလို အေအေစစ်ဦးစီးချုပ်က ထုတ်ပြန်ပြီးနောက်ပိုင်း နာရီအနည်းငယ်အကြာမှာ ARSA(အာဆာ)အဖွဲ့ကလည်း သူတို့ရဲ့လက်ချက်မဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

မောင်တောမြောက်ပိုင်းဟာ အာဆာအကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေကို တိုက်ခိုက်တာတွေ အခါအားလျော်စွာလုပ်ဆောင်တတ်​တယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း မဲဇလီချောင်းဖျားမှာ တပ်မတော်နဲ့ အာဆာတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကလည်း တောထဲ ဟင်းရှာသွားတဲ့ ခုံတိုင်ရွာသားတဦးကို အာဆာအဖွဲ့က ပစ်ခတ်မှုကြောင့် တဦးထိခိုက်ဒဏ်ရာရရှိတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း မောင်တော်မြို့နယ် တောင်ပိုင်း ခရေမြိုင်ကျေးရွာကနေ မြောက်ပိုင်း တောင်ပြိုမြို့၊ နံသာတောင် သာယာကုန်ကထိန်ပွဲကို သွားတဲ့ကားတစီး မိုင်းထိမှန်ခဲ့ပြီး မိသားစု (၃) ဦးသေဆုံးကာ (၆) ဦးဒဏ်ရာရရှိသွားတဲ့ ဖြစ်စဉ်တွေရှိခဲ့ဖူးပါတယ်။

#voiceofmyanmar #VOM #မောင်တော #ပညာရေး၀န်ထမ်း၂ဦး #ပြန်လွတ်​လာ

Related posts

Leave a Comment

VOM News

FREE
VIEW