မုံရွာမြို့မှာ အကြမ်းဖက်သူတွေနဲ့ ဆက်နွယ်တယ်ဆိုတဲ့သံသယနဲ့ လူငယ် ၆ ဦး ဖမ်းဆီးခံရ

ဇွန် ၊ ၂၄ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ဒေါနခြံရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ ကန်သာယာအနီးက ဂရင်းသလ္လာဝတီ ဟိုတယ်မှာ မနေ့ ဇွန် ၂၃ ရက် မနက် ၄ နာရီဝန်းကျင်က တည်းခိုနေတဲ့ လူငယ် ၃ ဦးကို လုံခြုံရေးအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ကယ်ရီမောင်းသူတွေဆီက သိရပါတယ်။

.” စစ်ကားနဲ့ ရဲကားတွေ ဟိုတယ်ရှေ့မှာရောက်ပြီး ဝိုင်းထားတာ ၊ ဧည့်သည် လူငယ် ၃ ယောက်လည်း အဖမ်းခံရတယ် ” သုံးဘီးမောင်းသူ တယောက်က ပြောပါတယ် ။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတယောက်က” ဂရင်းသလ္လာဝတီဟိုတယ်မှာ အကြမ်းဖက်နဲ့ ဆက်နွယ်နေတဲ့ လူငယ် ၃ ဦးဖြစ်တဲ့ တောင်ကြီး ဆေးတက္ကသိုလ် မြန်မာစာဌာနက CDM ကိုအောင်ဇင်မြင့် ၊ မုံရွာမြို့ အေးသာယာရပ်ကွက်မှာနေတဲ့ ကိုရဲထက်အောင် ခေါ် အက်ပီစလာ ၊ အဲ့ဒီ ရပ်ကွက်မှာနေတဲ့ ကောင်းမြတ်အောင် ခေါ် အူဝဲ တို့ကို ဖမ်းဆီးတာပါ ၊ အဲ့ဒီနောက် စစ်ဆေးပေါ်ချက်အရ အကြမ်းဖက် သင်တန်းတွေပိုချပေးနေတဲ့ မုံရွ.မြို့ ၊ နန္ဒဝန်ရပ်ကွက် နယ်မြေ ၁မှာနေတဲ့ ကိုမျိုးမင်းထွန်း ၊ မုံရွာမြို့ ၊ အေးသာယာရပ်မှာနေတဲ့ ကိုညီဉာဏ်မိုး ၊ အောင်ဇော်မြင့် တို့ ၃ ယောက် ထပ်မိတယ် ၊ ဥပဒေအရ အမှုဖွင့်ဖို့ လုပ်ဆောင်နေပါတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့မှာ အကြမ်းဖက်အုပ်စုနဲ့ ဆက်နွယ်တယ်ဆိုတဲ့သံသယနဲ့ တရားလွှတ်တော်ရှေ့နေ ၂ ဦး အပါအဝင် ရှေ့နေ ၅ ဦးထက်မနည်း အဖမ်းခံရပါသေးတယ်။

ပြီးခဲ့တဲ့နှစ်က မုံရွာမြို့ နန္ဒဝန်ရပ်ကွက်မှာ ရှိတဲ့ ဟန်နီဟိုတယ် (တည်းခိုခန်း)မှာ အကြမ်းဖက်အုပ်စုနဲ့ ဆက်နွယ်တယ်ဆိုတဲ့ လူငယ်တချို့ အဖမ်းခံရကာ အဲ့ဒီ ဟိုတယ်လည်း ချိတ်ပိတ်သိမ်းဆည်းခံထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာမြို့ ၊ နတ်လူထိပ္ပန်ရပ် ၊ ဘိုးဘွားရိပ်သာ အနီးက တော်ဝင်ကျောက်စိမ်း ဟိုတယ်ကိုလည်း အကြမ်းဖက်အုပ်စုနဲ့ ဆက်နွယ်တယ်ဆိုကာ ပြီးခဲ့တဲ့လက ချိတ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။

မုံရွာမြို့မှာ အဲ့ဒီလို ချိတ်ပိတ်သိမ်းဆီးခံရတဲ့ ဟိုတယ်နဲ့ တည်းခိုခန်း ၅ ခုထက်မနည်းရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW