ညောင်ပင်ကြီး ဓာတ်အားခွဲရုံကို သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင် မိုင်းခွဲခံရ

ဇွန် ၊ ၂၅ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာ ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ညောင်ပင်ကြီး ပင်မ ဓာတ်အားခွဲရုံကို ပို့ဆောင်သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် ၁ ခုဟာ မနေ့ ဇွန် ၂၄ ရက် ညပိုင်းက မိုင်းခွဲဖျက်စီး ခံလိုက်ရတယ်လို့ ညောင်ပင်ကြီးရွာခံတွေဆီက သိရပါတယ်။

“မနေ့ကည ၁၁ နာရီဝန်းကျင်မှာ ပေါက်ကွဲသံကြီးကြားရတယ် ၊ အဲ့ဒီ ပေါက်ကွဲသံကြားရပြီးနောက် လျှပ်စစ်မီး ပျက်သွားတယ် ၊ ဒီမနက် ကြားရတာက ညောင်ပင်ကြီး ဓာတ်အားခွဲရုံကနေ ပေးတဲ့ လျှပ်စစ်တာဝါတိုင် မိုင်းခွဲခံရတာလို့ ဖြစ်တယ် ၊ ပစ်ခတ်သံတွေကြားရတယ် “လို့ ညောင်ပင်ကြီး ရွာရှည်ရွာက ဒေသခံတယောက်က ပြောပါတယ်။

လျှပ်စစ်တာဝါတိုင် မိုင်းခွဲဖျက်စီးခံရတာနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့ နဲ့ နီးစပ်သူတဦး က ” ညောင်ပင်ကြီး ပင်မဓာတ်အားခွဲရုံကို ပို့ဆောင်ထားတဲ့ တာဝါတိုင် ညက မိုင်းခွဲခံရတယ်လို့ သိရတယ် ၊ နယ်မြေ လုံခြုံရေး အခြေအနေအရ ဒီမနက်အထိတော့ သွားရောက်စစ်ဆေးတာ မလုပ်ရသေးဘူး ” လို့ ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ဒီကနေ့မနက်ပိုင်းက အဲ့ဒီ ဓာတ်အားလိုင်း တာဝါတိုင် မိုင်းခွဲတာနဲ့ ပတ်သက်ပြီး အမိမြေ PDF အဖွဲ့၊ Young People Force အဖွဲ့တို့က ပူးပေါင်းလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်၂၀ ရက်ကစလို့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဝန်းကျင်က မိုးကြိုးပြင် ၃ ရွာ ၊ ဖောင်းကား ၊ လင်းစာကျက် ၊ ကျောက်ဖြူတိုင် ၊ ဆည်တည်း ၊ တုံ စတဲ့ရွာတွေဘက်ကို စစ်ကြောင်းအဖွဲ့က ဝင်ရောက်ပြီး နယ်မြေရှင်းလင်းတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒိအပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆားလင်ကြီးမြို့နားက MPT ၊ တယ်လီနော ၊ အော်ရီဒူး တာဝါတိုင် ၃ ခုကိုမှာလည်း မိုင်းကွဲတာတွေ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး #တာ၀ါတိုင်ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW