စစ်ကိုင်းခရိုင်ထဲက ရွာတွေမှာ လူသတ်မှုတွေကြောင့် ရက် ၂၀ အတွင်း သေဆုံးသူ ၁၆ ဦးအထိရှိလာ

ဇွန် ၊ ၂၈ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်းထဲက စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့နယ်တွေက ရွာတွေမှာ ဒီလ ၅ ရက်ကစလို့ ရက်ပေါင်း ၂၀ ကျော် ကာလအတွင်းမှာ လူသတ်မှု ၈ ကြိမ်ဆက်တိုက်ဖြစ်ပွားပြီး သေဆုံးခဲ့ရတဲ့ လူအရေအတွက်ဟာလည်း ၂ ဒါဇင်နီးပါးရှိတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” စစ်ကိုင်းနယ်မှာ အသတ်ခံရတာက ၄ လောင်းပြိုင် ၂ ကြိမ် ၊ ၃ လောင်းပြိုင် ၁ ကြိမ် ၊ ၂ လောင်းပြိုင် ၁ ကြိမ်ဖြစ်တယ် ၊ မြင်းမူမြို့နယ်မှာက ၂ လောင်းပြိုင် ၁ ကြိမ်နဲ့ ၁ လောင်း ၂ ကြိမ်ဖြစ်ခဲ့တာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့ခံ လူမှုကူညီရေးအသင်းတခုရဲ့ နာရေးကူညီမှုမှတ်တမ်းမှာ အခုလ ၅ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ် ပန်းချီကျေးရွာမှာ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုလိုက် အသတ်ခံရတဲ့ လူသတ်မှုမှာ ၄ ယောက်သေ ၊ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

အဲ့ဒီနောက် ဒီလ ၁၅ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ် ပဒူးကျေးရွာက ကုန်စုံဆိုင်မှာ စျေးရောင်းနေတဲ့ လင်မယား ၂ ယောက်နဲ့ စျေးဝယ်နေတဲ့ လူ ၂ ယောက် အသတ်ခံရတဲ့ ၄ လောင်းပြိုင် လူသတ်မှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီအပြင် ဒီလ ၁၆ ရက်နေ့ခင်းပိုင်းက စစ်ကိုင်းမြို့နယ် ကြွယ်လူးကျေးရွာမှာ လက်သမားဆရာ ၂ ယောက် လက်သမားသုံး ပစ္စည်းဝယ်နေတဲ့အချိန် အသတ်ခံရပြန်ပါတယ်။

ဇွန် ၁၈ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ် ခက်ခကျေးရွာနားက ယာခင်းတောမှာ တောင်သူ ၃ ဦး အသတ်ခံရတဲ့ ၃ လောင်းပြိုင် လူသတ်မှုဖြစ်ပွားပြန်ပါတယ် ။

” လူသတ်မှုတွေက ဆက်တိုက်လိုဖြစ်နေတယ် ၊ သေဆုံးသူတွေဟာ ပစ်သတ်ခံရတာဖြစ်တယ် ၊ ခိုက်ရန်ဖြစ်ပြီး အသတ်ခံရတာ မဟုတ်ဘူး ၊ အုပ်စုဖွဲ့ပြီး အနိုင်ကျင့် အသတ်ခံရတာ ၊ သက်ဆိုင်ရာကလည်း အခုထိ ရွာလာပြီး နယ်မြေရှင်းလင်းတာ ၊ စစ်ဆေးဖော်ထုတ် အရေးယူတာ မလုပ်နိုင်သေးဘူး ၊ အဲ့ဒါကြောင့် ရွာတွေမှာ လူမနေရဲကြဘူး ” လို့ စစ်ကိုင်းမြို့နယ် ပန်းချီရွာခံတယောက်က ပြောပါတယ်။

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်က ကျေးရွာတွေဘက်မှာလည်း အလားတူ လူသတ်မှုတွေဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလ ၂၃ ရက်ညပိုင်းက မြင်းမူမြို့ ၊အောင်ဇေယျရပ်ကွက်မှာနေတဲ့ ဦးကျော်နိုင်ဆိုသူဟာ ညောင်ဦးဖီးရပ်ကွက်ထဲမှာ အသတ်ခံရပါတယ်။

အဲ့ဒီနောက် ဒီလ ၂၅ ရက် မနက်ပိုင်းက မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာနားက ယာခင်းတောမှာ တောင်သူ လင်မယား အသတ်ခံရတဲ့ ၂ လောင်းပြိုင် လူသတ်မှုဖြစ်ခဲ့ပါတယ်။

အခုလ ၂၆ ရက် မနက်ပိုင်းက မြင်းမူမြို့နယ်၊ပဲတောင်းကျေးရွာအုပ်စု ၊ ကင်းလေးတောကျေးရွာနားက ယာခင်းတောမှာ သနပ်ခါးတောင်သူ ဦးထွန်းရွှေ ဆိုသူ အသတ်ခံရပြန်ပါတယ်။

အဲ့ဒါကြောင့် ဒီ လ ၅ ရက်ကနေ ရက်ပေါင်း ၂၀ ကာလအတွင်း စစ်ကိုင်းခရိုင်မှာ လူသတ်မှု ၈ ကြိမ် သေဆုံးသူ ၁၆ ယောက် ၊ ဒဏ်ရာရသူ ၂ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေက အမှုရေးဖွင့်ထားပေမယ့် ဖမ်းဆီးနိုင်ပြီလို့ မကြားရသေးတဲ့အပြင် ဘယ်အဖွဲ့အစည်းတွေက ပြုလုပ်သွားတယ်ဆိုတာလည်း မသိရသေးပါဘူး။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW