ရခိုင်ပင်လယ်ပြင်ထဲကို တရုတ်အာကာသယာဉ်အပိုင်းအစတွေ ကျရောက်ပေါက်ကွဲ

ဇွန် ၂၈- ၂၀၂၂
SW(VOM)

ရခိုင်ပင်လယ်ပြင်အတွင်းကို မနေ့ ဇွန် ၂၇ ရက် ည ၁၁နာရီလောက်က တရုတ်အာကာသယာဉ် အပိုင်းအစတွေ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့​တယ်လို့ သံတွဲခရိုင်နဲ့ အနီးပတ်ဝန်းကျင်မြို့နယ်တွေက ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

တရုတ်အာကာသယာဉ်အပိုင်းအစတွေ ကျရောက်နိုင်ကြောင်း သက်ဆိုင်ရာက ကြိုတင်အသိပေးထုတ်ပြန်ထားပြီး မနေ့က ညအချိန်မှာ သံတွဲမြို့နယ်၊ နံ့သာကျွန်း အနောက်တောင်ဘက် ပင်လယ်ရေပြင်ပေါ်သို့ ကျရောက်ခဲ့တာဖြစ်​တယ်လို့ သိရပါတယ်။

သံတွဲမြို့ခံ ကိုမင်းမင်းလှက “ တရုတ်အာကာသ အစိတ်အပိုင်းအစတွေ ကျတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ကျနော်အသေချာမသိလိုက်ဘူး။ ဒါပေမယ့် ကျနော်အိပ်နေတုန်း ည ၁၁ နာရီလောက်မှာ “ဝုန်း” ဆိုတဲ့ အသံတသံတော့ ကြားလိုက်တယ်” လို့ ပြောပါတယ်။

အဲဒီလို ပေါက်ကွဲသံကို သံတွဲမြို့နယ်အပြင် တခြား တောင်ကုတ်နဲ့ မာန်အောင်မြို့နယ်တွေကပါ ကြားလိုက်ရပြီး ဆင့်ကဲပေါက်ကွဲသံ ၃ ချက်ကြားလိုက်ရ​တယ်လို့ တောင်ကုတ်မြို့နယ် ကုလားရောင်ကျေးရွာဒေသခံတွေက ပြောပါတယ်။

ကုလားရောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က “ ကျနော်ရွာကို ဖုန်းဆက်ပြီးမေးကြည့်တော့ မနေ့က ည ၁၁ နာရီလောက်မှာ ပေါက်ကွဲသံ ၃ ချက်ဆင့်ပြီး ကြားလိုက်ရတယ်လို့ ပြောကြတယ်။ ဘာဖြစ်သလဲဆိုတာ ရွာကလူတွေကမသိကြဘူး။ ပေါက်ကွဲသံကြားတယ်ဆိုတော့ ရွာမှာ မတည်မငြိမ်တော့ဖြစ်သွားတာပေါ့။ လူတိုင်းကတော့ အမြောက်လက်နက်ကြီးပစ်တာလား ဘာဖြစ်သလဲဆိုပြီး ဝေဖန်မှုတွေတော့ရှိတယ်။ ကျနော်တို့ဆီမှာ အရင်က ယာဉ်အပိုင်းအစကျတယ်ဆိုပြီး နှစ်ကြိမ်ဖြစ်ပြီးပြီ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မြန်မာ့ရေပိုင်နက်အတွင်းကို တရုတ်နိုင်ငံက အာကာသယာဉ် စွန့်ပစ်ပစ္စည်းတွေ အကြိမ်ကြိမ် စွန့်ပစ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်အစောပိုင်း ၆ နာရီကျော်လောက်က တောင်ကုတ်မြို့နယ်မှာ ကောင်းကင်ပေါ် ပေါက်ကွဲသံတွေနဲ့အတူ မီးတောက် မီးခိုးတန်းတွေထွက်ပေါ်ကာ ပင်လယ်ပြင်အတွင်း ကျရောက်သွား​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၁၀ နာရီခွဲမှာ ပင်လယ်ပြင်ထဲကို တရုတ်အာကာသယာဉ်အပိုင်းအစတချို့ ကျရောက်ခဲ့ပြီး ကုန်းမြေတုန်ခါမှုအထိ ဖြစ်ခဲ့​တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က စစ်တွေမြို့နယ်အနီး ပင်လယ်ရေပြင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစတချို့ ကျရောက်ခဲ့ဖူး​တယ်လို့လည်း သိရပါတယ်။

Photo- သံတွဲခရိုင်အတွင်း ရခိုင်ပင်လယ်ပြင်တနေရာ
#voiceofmyanmar #VOM #ရခိုင် #ပင်လယ်ပြင် #တရုတ်အာကာသယာဥ်အပိုင်းအစ #ကျရောက်ပေါက်ကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW