ဟားခါးမြို့က အထက ၁ ကျောင်းနားမှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၂ ဦး သေဆုံး

ဇူလိုင် ၊ ၈-၂၀၂၂
SP ( VOM)

ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ စျေးသစ်ရပ်ကွက်မှာရှိတဲ့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းနားမှာ မနေ့ ဇူလိုင် ၇ ရက် ည ၉ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီ ပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဟားခါးမြို့ခံတွေဆီက သိရပါတယ်။

” ညကပေါက်ကွဲတယ် ၊ ဒီမနက်အစောပိုင်းရောက်မှ သေဆုံးသူ ရုပ်အလောင်းတွေကို စစ်သားနဲ့ ရဲတွေက လာကောက်သွားတယ် “လို့ ဟားခါးမြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုမှာ သေဆုံးသူ ၂ ယောက်ကတော့ ဆလိုင်း ရိုလန့်ကီကမ်ထန် (Salai Roland Kil Kam Thang နဲ့ ဆလိုင်းဒံယေလ Salai Daniel တို့ဖြစ်တယ်လို့ ဒီမနက် ရုပ်အလောင်းတွေကို လာကြည့်သူတွေက ပြောပါတယ်။

ဒီမနက်အစောပိုင်းမှာ အထက ၁ ကျောင်းကို ကျောင်းတက်ဖို့ရောက်လာတဲ့ကလေးတွေဟာ ညက ပေါက်ကွဲမှုဖြစ်စဥ်နဲ့ပတ်သကဲပြီး အထိတ်တလန့် ဖြစ်တဲ့အတွက် ကျောင်းမတက်ရဲတာကြောင့် အိမ်ပြန်ကုန်ကြတယ်လို့ သိရပါတယ်။

“ပေါက်ကွဲတာက ကျောင်းတံတိုင်းဘေးဖြစ်တယ် ၊ ထိမှန်သေဆုံးတဲ့ လူ ၂ ယောက်ရဲ့ ရုပ်အပိုင်းအစတချို့က ကျောင်းထဲရောက်တော့ ကလေးတွေကြောက်ပြီး အိမ်ပြန်ကုန်တယ် ၊ အဲ့ဒါကြောင့် ဒီကနေ့ ယာယီကျောင်းပိတ်ထားတယ် ၊ ဟားခါးမှာက ၊ အထကကျောင်း ၂ ကျောင်းဖွင့်ထားပြီး ကျောင်းသား ၂ ထောင်ကျော်လောက်တက်နေတာ”လို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဟားခါးမြို့မရဲစခန်းက သေမှာသေခင်းဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဟားခါး #ပေါက်ကွဲမှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW