ဒီပဲယင်းမြို့နယ်က ကျေးရွာတွေမှာ မီးရှို့ခံရတာတွေ ထပ်ဖြစ်တာအပြင် လူတချို့ပျောက်နေ

ဇူလိုင် ၊ ၉ ၊ ၂၀၂၂

SP( VOM)

စစ်ကိုင်းတိုင် ၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေမှာ မနေ့ ဇူလိုင် ၈ ရက်မနက်ပိုင်းက မီးရှို့တာတွေ ထပ်ဖြစ်ခဲ့တဲအတွက် အခုဆိုရင် မီးရှို့ခံရတဲ့ ကျေးရွာ အရေအတွက်တိုးမြင့်လာပြီး လူနေအိမ်တွေ မီးလောင်ပျက်စီးမှု ပမာဏကလည်း များလာနေတယ်လို့ ဒီပဲယင်းနယ်ခံတွေက ဆီက သိရပါတယ်။

” မနေ့​က မနက်ပိုင်းက ပျံကျရွာမှာ အိမ်ခြေ ၂၀ မီးရှို့ခံရပြီး ၊ အိမ်ထောင်မိသားစု ၂၀နဲ့ လူဦးရေ ၁ ရာကျော် မီးဘေးသင့်ခဲ့ရတယ် ” လို့ ပျံကျရွာခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် ပျံကျရွာခံ လူတချို့လည်း အဲ့ဒီ မီးလောင်မှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေတာရှိတယ်လို့ သိရပါတယ်။

” ရွာက လူ ၅ ယောက်လည်း ပျောက်နေတယ် ၊ လမ်းပြခေါ်သွားတာလား ၊ ဖမ်းသွားတာလား ၊ ဓားစားခံ လုပ်ခံရတာလား မသိဘူး ၊ အခုထိ ပျောက်နေတဲ့သူတွေနဲ့ ဆက်သွယ်မရသေးဘူး ” လို့ ပျံကျရွာခံ အမျိုးသမီးတယောက်က ပြောပါတယ်။

ပျံကျရွာက လူနေအိမ်တွေ မီးလောင်တာ ၊ ရွာခံလူတချို့ ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ရေဦးခရိုင် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူ တယောက်က

” အခုရက်ပိုင်း စစ်ကြောင်းထိုးတာရှိတယ် ၊ တိုက်ခိုက်ရေး ၊ ချေမှုန်းရေးအတွက် စစ်ဆင်ရေး လုပ်တာမဟုတ်ဘူး ၊ ကျေးလက်ဒေသက ပြည်သူတွေရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့နဲ့ အထွေထွေကျန်းမာရေး ၊ နိုင်ငံသား စီစစ်ရေး မှတ်ပုံတင်ကိစ္စ ၊ ပညာရေး ၊ စိုက်ပျိုးရေး စတာတွေအတွက် ကွင်းဆင်းလုပ်ဆောင်ပေးတဲ့ စစ်ကြောင်းဖြစ်တယ် ၊ အဲ့ဒီ ပြည်သူ့အကျိုးပြု ကွင်းဆင်းတဲ့ စစ်ကြောင်းကို ချောင်းမြှောင်း တိုက်ခိုက်လာတဲ့အတွက် ခုခံ ပစ်ခတ်တာတော့ရှိတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီပဲယင်းမြို့ခံ တယောက်က ” ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နောက်ပိုင်းကစလို့ မနေ့ကအထိ ၁ လနီးပါးအတွင်းမှာ ရွှေဘိုနဲ့ ဒီပဲယင်းကြား စစ်ကြောင်းထိုးလာတယ် ၊ ထိတွေ့ပစ်ခတ်မှုတွေ နေရာတချို့မှာ ဖြစ်ပွားတယ် ၊ ရွာခံတွေအများစုက ဘေးလွတ်ရာကို ထွက်ပြေးရင်း ရွာမှာကျန်ခဲ့တဲ့ နေအိမ်တွေ မီးလောင်ကုန်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဒီပဲယင်းနယ် မူးမြစ်ဝှမ်းဘက်က ​ဖြစ်ပွားခဲ့တဲ့ ယာယီတိုက်ပွဲရှောင်တွေနဲ့ ပတ်သက်ပြီး ကူညီပေးနေတဲ့ နယ်ခံ စေတနာ့ဝန်ထမ်း တစ်ယောက်ပြောတာကလည်း

” လူနေအိမ်တွေ မီးလောင်တာရှိတယ် ၊ ပေါင်ချိုင်ရွာမှာ နေအိမ် ၁၀၇ လုံး ၊ တည်ပင်ရွာမှာ နေအိမ် ၃ လုံး ၊ သန်းတောရွာမှာ နေအိမ် ၂ လုံး ၊ ရေကြည်ဝရွာမှာ နေအိမ် ၂ လုံးနဲ့ မူးကမ်းကြီးရွာမှာ နေအိမ် ၁၅၈ လုံး မီးလောင်ပျက်စီးတယ် ၊ ရေကြည်ဝရွာမှာ ရွာခံတစ်ယောက် မီးလောင် သေဆုံးတယ် ” လို့ ပြောပြပါတယ်။

အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ဇွန်လကနေ ဒီလ ၈ ရက်အထိ ၁ လဝန်းကျင်မှာ ဒီပဲယင်းနယ်က မီးလောင်ပျက်စီးရတဲ လူနေအိမ် ၂ ရာနီးပါးနဲ့ အိမ်ထောင်စု၂ ရာကျော် ၊ လူဦးရေ ၅ ရာနီးပါး မီးဘေးဒုက္ခသည်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar # VOM #ဒီပဲယင်း #မီးရှို့ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW