ဝန်းသိုမြို့နယ် ဂျိုးထောင်ကျေးရွာက ဘုန်းကြီး ၁ ပါးနဲ့ လူ ၄ ဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီး

ဇူလိုင် ၊ ၁၁ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဂျိုးထောင်ကျေးရွာမှာ မနေ့ ဇူလိုင် ၁၀ ရက် နေ့လယ်ပိုင်းက ရွာခံ ဘုန်းကြီး ၁ ပါး နဲ့ လူ ၄ ယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဂျိုးထောင်ရွာခံတွေဆီက သိရပါတယ်။

” နေ့ခင်း ၁၂ နာရီဝန်းကျင်မှာ ရွာထဲကို ဝင်ပြီး ဖမ်းသွားတာပါ ၊ အဖမ်းခံရတဲ့သူတွေက ရှမ်းနီတိုင်းရင်းသားတွေ ဖြစ်ကြတယ် ၊ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး ၊ လာဖမ်းတဲ့ အဖွဲ့က စစ်တပ်နဲ့ ရဲတော့မဟုတ်ဘူး ” လို့ ဂျိုးထောင်ရွာခံတယောက်ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့သူတွေကတော့ ၊ ဂျိုးထောင်ကျေးရွာ ခန္တီသာရာမကျောင်းတိုက်ရဲ့ ဒုတိယ ကျောင်းထိုင်ဆရာတော် ဦးကုဝေရ သက်တော် ၄၀ ၊ ဝါတော် ၂၀ နဲ့ ရွာခံ ဦးကံထူး အပါအဝင် လူ ၄ ဦး ဖြစ်တယ်လို့ သိရပါတယ်။

” အခုတလော စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ထဲက ရှမ်းနီတိုင်းရင်းသား
ရေးရာမှာ အရေးပါတဲ့ ဘုန်းကြီးတချို့နဲ့ လူပုဂ္ဂိုလ်တွေ ဖမ်းဆီးခံရတာ ၊ သတ်ဖြတ်ခံရတာတွေ ဆက်တိုက်ဖြစ်ပွားလာတယ် ” လို့ ဝန်းသိုမြိုခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက စစ်ကိုင်းတိုင်း ကသာခရိုင် ၊ ဗန်းမောက်မြို့နယ် ရှမ်းနီ စာပေနဲ့ ယဥ်ကျေးမှုကော်မတီ အဖွဲ့ရဲ့ လူငယ်တာဝန်ခံဖြစ်သူ တစ်ဦးလည်း အလားတူ ဖမ်းဆီးခံရပြီး ၁ ပတ်အကြာမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ရှမ်းနီ စာပေနဲ့ ယဥ်ကျေးမှု ကော်မတီ ဒုတိယ ဥက္ကဌဖြစ်သူဟာ ၊ ဟောင်ပါးမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ ပစ်သတ် လုပ်ကြံတာကိုခံရပြီး ကွယ်လွန်သွားခဲ့ပါတယ်။

အဲ့ဒါကြောင့် ဂျိုးထောင်ကျေးရွာက ဖမ်းဆီးတာခံရတဲ့ ရှမ်းနီတိုင်းရင်းသား ဘုန်းကြီး ၁ ပါးနဲ့ ရွာခံ ၄ ဦးရဲ့ မိသားစုတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရှမ်းနီ #ဝန်းသို

Related posts

Leave a Comment

VOM News

FREE
VIEW