ထပ်ဆင့်အကယ်ဒမီနဲ့ လူမှုထူးချွန်ဆုရှင် စန္ဒယားတင်ဝင်းလှိုင် ကွယ်လွန်

ဇူလိုင် ၁၄-၂၀၂၂
KK(VOM)

မြန်မာ့ဂီတလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ လူမှုထူးချွန်ဆုရ စန္ဒယား ဦးတင်ဝင်းလှိုင်ဟာ ဒီကနေ့ မနက် တနာရီကျော်က အာရှတော်ဝင်ဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

စမ်းချောင်းမြို့နယ်၊ ပြည်လမ်းမှာနေထိုင်တဲ့ ဆရာကြီးဦးတင်ဝင်းလှိိုင်ဟာ ဧပြီလ ၁၉ရက်က စတင်ကာ ကျောက်ကပ်ရောဂါကို ခံစားနေရပြီး အာရှတော်ဝင်ဆေးရုံကြီးမှာ တလနီးပါးဆေးရုံတက်ခဲ့ရတယ်လို့ သမီးဖြစ်သူ မဝင်းသွဲ့သွဲ့က ပြောပါတယ်။

“အဓိကမကောင်းတာ ကျောက်ကပ်ပါ၊ ဧပြီ ၁၉ ရက်မှာ ဆေးရုံတင်တယ် တလနဲ့တရက်ကြာတယ် ပြန်ဆင်းတယ် အိမ်မှာ တလကြာတယ်၊ အိမ်မှာလည်း တလကို ရှစ်ကြိမ် ကျောက်ကပ်ဆေးရတယ် အောက်ဆီဂျင်တွေကျလာတယ် ဖျားလာတယ် ဆေးရုံထပ်တင်ရတယ်၊ မနက်ကမှ ဆုံးသွားတာပါ”လို့ သမီးဖြစ်သူက ရှင်းပြပါတယ်။

စန္ဒယားဦးတင်ဝင်းလှိုင်သေဆုံးတာနဲ့ပတ်သက်ပြီး ရုပ်ရှင်လောကသားတွေ သဘင်ဂီတပညာရှင်တွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝမ်းနည်းကြောင်း ရေးသားကြတာကိုလည်း တွေ့ရပါတယ်။

စာပေအနုပညာရှင် ဦးအောင်သျှံဝိုင်း(ကျိုက်မရော)က
“ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကျွန်တော် ငွေ ၅ သိန်းသွားအပ်ကတည်းက ဆရာဝန်ကြီးတွေအနေနဲ့ ကျောက်ကပ်ဆေးဖို့လက်လျှော့လိုက်ပါပြီ။လူနာသိပ်ပင်ပန်းနေလို့ပါ။ စနေနေ့ ရေဝေးမှာချပါမယ်။အချိန်အတိအကျမသိရသေးပါဘူး”လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

စန္ဒယားဦးတင်ဝင်းလှိုင်ကို အဖ ပဒေသာဦးမျိုးလှိုင်နဲ့အမိ ဒေါ်တင်တင်လှိုင်တို့မှ ၁၉၄၆ ခုနှစ် မတ်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်က မြန်မာစာမဟာဝိဇ္ဇာ (M.A)နဲ့ ဘွဲ့ရရှိခဲ့သူတဦးလည်းဖြစ်ပါတယ်။

တေးသံရှင်ဒေါ်ကြည်ကြည်ဝင်းနဲ့ အိမ်ထောင်ကျပြီး မဝင်းလဲ့လဲ့နဲ့ မဝင်းဝင်းသွဲ့ တို့ညီအစ်မနှစ်ဦးကို မွေးဖွားခဲ့ပါတယ်။

အသက် ၇၄ အရွယ်ရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူ တေးသံရှင်ဒေါ်ကြည်ကြည်ဝင်းမှာ ကိုဗစ်ဒုတိယလှိုင်းမှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင်နောက်ခံတေးဂီတတွေဖန်တီးရာမှာ ထူးချွန်ပြောင်မြောက်မှုတွေကြောင့် ၂၀၁၃ ခုနှစ် ကြယ်စင်မော်ကွန်း၊၂၀၁၇ ခုနှစ် ကွမ်းလုံရက် ၄၀ ရုပ်ရှင်ကားတွေနဲ့ အကယ်ဒမီဆုကို နှစ်ကြိမ်တိုင်ရရှိထားသူတဦးလည်းဖြစ်ပါတယ်။

ဒီနှစ် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့မှာ နိူင်ငံတော်ကချီးမြှင့်တဲ့ လူမှုထူးချွန်ဆုမှာ ဒုတိယအဆင့်ကို ရရှိခဲ့ပါသေးတယ်။

သူဟာ ဂီတတွေကိုဖန်တီးရာမှာ ထူးချွန်သူတဦးဖြစ်တဲ့အပြင် အမှန်တရားကို ထုတ်ဖော်ပြောဆိုရာမှာလည်း သတ္တိရှိသူတဦးဖြစ်တယ်လို့ အနုပညာရှင်တဦးက ပြောပါတယ်။

“ကွမ်းလုံရက် ၄၀ ဇာတ်ကားနဲ့ အကယ်ဒမီရတုန်းက မြန်မာ့အသံနဲ့ရုပ်မြင်သံကြားမှာ မိုးကျရွှေကိုယ်အရာရှိတွေချည်းပဲ၊ ဓာတ်ပြားစက်တွေပျက်နေတာတဲ့ကိစွ တွေပြောတာ အတော်လေးဂယက်ရိုက်သွားတယ်”လို့ သူကပြောပါတယ်။

ဂီတစာဆိုစန္ဒယားပညာရှင်ဦးတင်ဝင်းလှိုင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး သူရဲ့စျာပနကို စနေနေ့ ရေဝေးသုသာန်မှာ သဂြိုလ်သွားမယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ထပ်ဆင့်အကယ်ဒမီ #လူမှုထူးချွန်ဆု

Related posts

Leave a Comment

VOM News

FREE
VIEW