ပြည်တွင်းရွှေစျေး ၂၃ သိန်းကျော်အထိ မြင့်တက်သွားပြီး ဒေါ်လာစျေးက ၂၇၀၀ အထိ စျေးပေါက်နေ

ဇူလိူင် ၂၆-၂၀၂၂
VOM (GG)

ကမ္ဘာရွှေစျေးက ဆက်တိုက်ကျနေပေမယ့် ပြည်တွင်း ရွှေဈေးနူန်းက တကျပ်သားကို ၂၃ သိန်းကျော်အထိ မြင့်တက်သွားပြီး ဒေါ်လာစျေးက ၂၇၀၀ အထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။

YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရည်ညွန်းစျေးက ရွှေတကျပ်သားကို သိန်း ၂၀၆၀၀၀၀ ကျပ်သာရှိပြီး ​ပြင်ပပေါက်စျေးက ၂၃၄၀၀၀၀ ကျပ်အထိ ရှိနေတာဖြစ်ပါတယ်။

” အပြင်မှာ သူတို့စျေး ဘယ်သူမှအရောင်းဝယ်မရှိဘူး ။ အခုပေါက်တာ၂၃၄၀၀၀၀ ရှိတယ်။တဆိုင်နဲ့တဆိုင်တော့မတူဘူး ။ကြိုက်စျေးလိုဖြစ်နေ “လို့ ရွှေဆိုင် ပိုင်ရှင်တဦးကပြောပါတယ်။

YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကတော့ အခုလိုရွှေစျေး၊ဒေါ်လာစျေး အဆမတန်မြင့်တက်နေတာဟာ နိုင်ငံရေးအခြေအနေပေါ် လိုက်ပြီး ကောလဟာလသတင်းတွေဖြန့်ကာ စျေးကစားနေကြတာဖြစ်တယ်လို့ ပြောပါတယ်။

” အဲ့ဒါက ရန်ကုန် စျေးမဟုတ်ဘူး မန္တလေးမှာပေါက်တဲ့စျေး၊ မန္တလေးမှာ တအားအဝယ်လိုက်နေတယ် ရန်ကုန်မှာလျှောက်ပြောနေတာ မပေါက်ပါဘူး။ အပြင်မှာ စျေးကစားတာကို သွားပြီးတော့ အပြင်မှာ၂၃ သိန်းပေါက်လို့၂၃ သိန်းတင်ပေးပါလို့ ပြောလို့မရဘူး၊ အိန္ဒိယဘက်စျေးရှိတယ် မဲဆောက်ငွေလဲနူန်းရှိတယ် အမှန်တကယ် ဒေါ်လာစျေးရှိတယ်။ကမ္ဘာ့ရွှေစျေးက တောက်လျှောက်ကျနေတာ ၊အသင်းရဲ့ရည်ညွန်စျေးပေါ်မှာ ၅၀၀၀ ၁၀၀၀၀ တင်ရောင်းကြတာတော့ရှိတယ်၊ အဲ့ဒါကလည်း ဝန်ထမ်းစရိတ် ဆိုင်ခန်းစရိတ် အဲ့ဒါအတွက်ကို တင်ရောင်းကြတာပေါ့။ဒီမှာက နိုင်ငံရေးကောလဟာလတွေနဲ့ ​ဖြန့်နေတာ။ နောက်ပြီး ဒေါ်လာစျေး ၂၈၀၀ ဆိုတာလည်း မဟုတ်ဘူး။ “လို့ YGEA ဥက္ကဋ္ဌ က ပြောပါတယ်။

ရွှေဆိုင်တွေအနေနဲ့ ရွှေစျေးကိုဒေါ်လာစျေး ၂၄၀၀၊ ၂၅၀၀နူန်းနဲ့တွက်ချက်ပြီး ရောင်းဝယ်နေကြတာဖြစ်လို့ စျေးက ကမ္ဘာ့ရွှေစျေးကျပေမယ့် ပြည်တွင်း ရွှေစျေးတက်နေတာဖြစ်ကြောင်း ၊ တကယ်လို့ YGEA အသင်းဝင်ဆိုင်တွေအနေနဲ့ စျေးကစားရောင်းချတာဆိုရင် အသင်းကိုတိုင်ကြားနိုင်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဌာနဆိုင်ရာကလည်း ရွှေစျေးကစားတာတွေနဲ့ပတ်သက်ပြီး ရွှေဆိုင်တွေကို လိုက်စစ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဗဟိုဘဏ်က ဒေါ်လာသုံးစွဲခွင့်တွေကို ကန့်သတ်လိုက်ပြီး တဒေါ်လာကို ၁၈၅၀ ကျပ်နဲ့လဲလှယ်ရမယ်လို့သတ်မှတ်တာတွေ သက်မှတ်လိုက်ပြီးနောက်ပိုင်း ဒေါ်လာစျေးက ကြိုက်ရောက်ကြိုက်ဝယ်ဖြစ်ကာ တဒေါ်လာ ၂၇၀၀ အထိမြင့်တက်ပြီး ရွှေစျေးကလည်း ရည်ညွန်းစျေးထက် အဆမတန်မြင့်တက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

နစက ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်တွင်းဒေါ်လာဈေးကွက်မှာ ဒေါ်လာဈေးမြင့် တက်နေမှုကို ထိန်းညှိနိုင်ရေးအတွက် လက်ရှိကမ္ဘာ့ပေါက်ဈေးနဲ့ ချိန်ညှိ လုပ်ဆောင်နေတယ်လို့ ဒီနေ့ ဇူလိုင် ၂၆ရက်ကပြုလုပ်တဲ့ နစက သတင်းစာရှင်းလင်းပွဲမှာ လည်း ပြောဆိုခဲ့တာလည်း ရှိပါတယ်။

#voiceofmyanmar #VOM #ရွှေဈေး

Related posts

Leave a Comment

VOM News

FREE
VIEW