အင်းစိန်အကျဥ်းထောင်တံခါး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတိုးမြှင့်ထား

ဇူလိုင်၂၆-၂၀၂၂
KK(VOM)

အင်းစိန်အကျဥ်းဦးစီးဌာနကို မနေ့ ဇူလိုင်၂၅ရက် ညပိုင်းက လမ်းမပေါ်ကနေ သေနတ်နဲ့ပစ်ခတ်သွားပြီးနောက်ပိုင်း လုံခြုံရေးတိုးမြှင့်ထားတယ် ရွာမအရှေ့ရပ်ကွက်မှာနေထိုင်သူတွေဆီက သိရပါတယ်။

အင်းစိန်မြို့နယ်၊ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်က အင်းစိန်ဗဟိုအကျဉ်းထောင်ဝင်/ထွက်ပေါက်ကို မနေ့ည ၇ နာရီက အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဆိုင်ကယ်ပေါ်ကနေ ပစ်သွားတာ တံခါးမကြီးကပိတ်ထားတာ ထိမထိတော့ မသိဘူး၊ ဒီနေ့တော့ စစ်တပ်ရော ရဲရော ထောင်နဲ့အနီးတဝိုက်မှာရှိတယ်”လို့ ပြောပါတယ်။

ဖော့ကန်ဘက်ကနေ အောက်မင်္ဂလာဒုံလမ်းအတိုင်းမောင်းလာတဲ့ ဆိုင်ကယ်တစီးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့ အကျဥ်းဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပစ်ပြီးမောင်းပြေးတာပါ ထောင်ဗူးဝလည်းမဟုတ်ဘူး အနောက်ဘက်ပါ၊ လူထိခိုက်မှုလည်းမရှိပါဘူး ဒီနေ့ အင်းစိန်ထောင်မှာ ဆူတာလည်းမရှိဘူး၊ သေနတ်နဲ့ပစ်တာက ညကပါ ထောင်ထဲမှာ ဖြစ်တာမဟုတ်ဘူး၊ အပြင်ကနေ လာပစ်သွားတာ”လို့ ရှင်းပြပါတယ်။

အင်းစိန်အကျဥ်းထောင်မှာ ပြီးခဲ့တဲ့လတွေက အကျဥ်းထောင်ဝန်းအတွင်း ဗုံးပေါက်ကွဲမှုတွေ၊ ထောင်အပြင်ဘက်ဗုံးကွဲမှုတွေရှိခဲ့ပြီး မနေ့ညကလည်း ထောင်ကိုလာရောက်ပစ်ခတ်တာတွေရှိတာကြောင့် လုံခြုံရေးတိုးမြှင့်ထားတာဖြစ်တယ်လို့ အကျဥ်းဦးစီးဌာနကနေဘသိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အင်းစိန်းအကျဉ်းထောင်

Related posts

Leave a Comment

VOM News

FREE
VIEW