ခင်ဦးမြို့နယ်ထဲမှာ ရွာ ၉ ရွာ မီးရှို့ခံရပြီး ၊ လူ ၇ ဦး သေဆုံးကာ အဖမ်းခံရသူတွေလည်းရှိ

ဇူလိုင် ၊ ၂၈ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၉ ရွာဟာ အခုလ ၁၇ ရက်ကနေ ၂၇ ရက်အထိ ၁၀ ရက်တာ ကာလအတွင်း လူနေအိမ်နဲ့ အဆောက်အအုံ ၃၂ ခု မီးရှို့ခံရပါတယ်။ မီးလောင်မှုတွေကြောင့် မီးလောင်သေဆုံးထားရသူဟာလည်း ၅ ဦးထက်မနည်း ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” မီးရှို့ခံရတဲ့ရွာက ၉ ရွာ ၊ ပျက်ဆီးဆုံးရှုံး နေအိမ်က ၃၂ လုံး ၊ သေဆုံးသူက ၇ ဦး ၊ အဖမ်းခံရသူကလည်း ၆ ဦးရှိတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် ကျေးရွာတွေ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ခင်ဦးနယ်ခံတွေက

” အခုလ ၁၇ ရက်က ယာတော်ကျေးရွာမှာ လူနေအိမ် ၂ လုံး နဲ့ ဥယျာဥ်ကျေးရွာမှာ နေအိမ် ၂ လုံး မီးရှို့ဖျက်ဆီးခံရတယ် ။
အဲ့ဒီနောက် အခုလ ၂၀ ရက်ကလည်း ရှားတောရွာမှာ နေအိမ် ၃ လုံး ၊ရှင်မင်းဒွေရွာမှာ နေအိမ် ၂ လုံး၊ အင်တိုင်းကြီးကျေးရွာမှာ နေအိမ် ၃ လုံး မီးရှို့ဖျက်ဆီးခံရတယ် ။
အခုလ ၂၅ ရက်က ရွာစဥ်ကျေးရွာမှာ နေအိမ် ၈ လုံး ၊ ကား ၁ စီး ၊ လယ်ယာလုပ်ငန်းသုံး ထော်လာဂျီ ၁ စီး နဲ့ ၂၆ ရက်မှာ အင်တိုင်းကြီးကျေးရွာမှာ နေအိမ် ၃လုံး ၊ မောင်းကျောက်တောရွာမှာ နေအိမ် ၅ လုံး ၊ ငါးတင်းကြီးကျေးရွာမှာ နေအိမ် ၂ လုံး မီးရှို့ဖျက်ဆီးခံရတာတွေ ဖြစ်ခဲ့ပြီး အခုလ ၂၇ ရက်မှာတော့ ခြေမြစ်ကျဥ်း မြောက်ရွာနဲ့ လက်ပံလှဖက်တို့မှာ နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့တာ ” လို့ ပြောပါတယ်။

အဲ့ဒီ မီးလောင်ဖြစ်ပွားတာတွေ ဖြစ်ပြီးနောက် မီးလောင်သေဆုံးနေသူ တချို့နဲ့ ကျည်ဆံထိမှန် သေဆုံးနေတာတွေ တွေ့ရတယ်လို့ သိရပါတယ်။

နယ်ခံ ပရဟိတသမား တယောက်က ပြောပြတာက
” ယာတော်ကျေးရွာက ဒေါ်သိန်းကူ ၇၇ နှစ် ၊ ရှင်မင်းဒွေရွာက ကိုအောင်နိုင်ဝင်း ၃၅ နှစ် ၊ အင်တိုင်းကြီးကျေးရွာက ဦးအောင်မှန်း ၆၆ နှစ် ၊ မန်ကျီးအုပ်ရွာက မောင်ခန့်ငြိမ်း နဲ့ ကိုဗိုလ်ဌေး ၊ ကိုသားကို ၃၈ နှစ်၊ ကိုစိုးထက် ၂၆ နှစ် တို့ သေဆုံးတာဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီနောက် ဖမ်းဆီးခံရသူ ရွာသားတချို့လည်းရှိနေပြီး အဖမ်းခံရသူတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေက သူတို့ လက်လှမ်းမီသလောက် သိထားရတာက သရက်ပင်စုကျေးရွာက ကိုဖိုးဇော် ၊ မြို့သစ်ကျေးရွာက ဦးဆန်း ၊ ဦးစိုးလင်း ၊ ဦးဝင်းသိန်း ၊ မောင်ကောင်းခန့်မင်း ၊ မောင်ဇင်မင်းထက် တို့ဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီ ဖမ်းဆီးခံထားရသူတွေဟာ ဘာပုဒ်မနဲ့ ဖမ်းဆီးထားတယ် ၊ ဘယ်မှာ ချုပ်နှောင်ထားတယ် ၊ ကျန်းမာရေး အခြေအနေ ကောင်းတယ် မကောင်းဘူးဆိုတာ သူတို့ မိသားစုတွေက အဆက်သွယ် မရတဲ့အတွက် မသိကြဘူးလို့ ပြောပါတယ်။

ISP Myanmar သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဖေဖော်ဝါရီလကနေ အခုနှစ် ဇူလိုင် ၁၅ ရက်အထိ မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်နဲ့ အဆောက်ဦးပေါင်း ၂၈၄၁၉ လုံးရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲ့ဒီ အရေအတွက်ဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မီးရှို့ဖျက်ဆီးခံရတာနဲ့ လက်နက်ကြီးကျည် ထိမှန် ပျက်စီးခဲ့တဲ့ အခြေအနေဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ပျက်စီးဆုံးရှုံး အရေအတွက်ထဲမှာ စစ်ကိုင်းတိုင်းက ၂ သောင်းကျော် ၊ ဒုတိယ အများဆုံးဖြစ်တဲ့ မကွေးတိုင်းကတော့ ၅ ထောင် ၊ ၇ ရာကျော်ရှိပြီး ကျန်အရေအတွက်က ချင်း ၊ ကယား စတဲ့ ပြည်နယ်ဘက်တွေကလို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #ခင်ဦး #မီးရှို့မှု

Related posts

Leave a Comment

VOM News

FREE
VIEW