ခင်ဦးနယ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ သက်ကြီးရွယ်အို ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

သြဂုတ် ၁-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ အင်းပတ်ကျေးရွာမှာ မနေ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက ရွာထဲက လူနေအိမ်တွေပေါ်ကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရခဲ့တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ရွာကလူတွေ အကုန်ထွက်ပြေးတိမ်းရှောင်ကြတယ် ၊ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေပဲ ရွာမှာကျန်ခဲ့တာ ၊ အဲ့ဒီအချိန် ရွာထဲကို လက်နက်ကြီးကျည်တွေကျပြီး ပေါက်ကွဲတာကြောင့် သေဆုံး ၊ ဒဏ်ရာရတွေ ဖြစ်တာ”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီလို လက်နက်ကြီးကျည်တွေ ရွာထဲက လူနေအိမ်တွေပေါ် ကျရောက် ပေါက်ကွဲတဲ့အတွက် အသက် ၈၆ နှစ်အရွယ် ဒေါ်ဝက်ဆိုသူ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ၊ အသက် ၈၅ နှစ်အရွယ် ဒေါ်ညွှန့်နဲ့ ဦးစိုးနိုင် ၄၀ နှစ်တို့ဟာ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ဒါ့အပြင် လက်နက်ကြီးကျည် ထိမှန်တဲ့အတွက်လည်း လူနေအိမ် ၇ လုံးထက်မနည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း ယင်းမာပင်ခရိုင် ပုလဲမြို့ ၊ မြို့တောင်ပိုင်းမှာရှိတဲ့ ​ဘုန်းကြီးကျောင်းထဲကို အခုလို လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲတာကြောင့် ကိုရင်လေး ၂ ပါး ပျံလွန်တော်မူတာ ဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒီလို လက်လုပ် လက်နက်ကြီးကျည်တွေ လူနေအိမ်တွေပေါ်နဲ့ ဘုန်းကြီးကျောင်း အပါအဝင် ဌာနဆိုင်ရာ အဆောက်အဦတွေပေါ်ကို ကျရောက်ပေါက်ကွဲတဲ့ အကြိမ်ရေဟာ စစ်ကိုင်းတိုင်းမှာ ရာနဲ့ချီပြီးရှိကာ သေဆုံး ၊ ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ခင်ဦး #လက်နက်ကြီးကျ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW