ဒေါ်လာစျေးကြောင့် ဆေးအမျိုးအစားအားလုံး စျေးတက်သွာလို့ ပြည်သူတွေ အခက်အခဲဖြစ်နေ

သြဂုတ် ၂-၂၀၂၂
VOM (GG)

ဆေးဝါးပစ္စည်းတွေထဲမှာ အရင်က ၂၀၀၀ ကျပ်သာရှိတဲ့ ဆေးကဒ်တကဒ်ကို အခု ၂၈၀၀ ကျပ် အထိ စျေးနူန်းမြင့်တက်သွားတယ်လို့ သုံးစွဲသူတွေဆီကသိရပါတယ်။

ဒေါ်လာစျေး စံချိန်တင်မြင့်တက်မှုတွေဖြစ်ပြီး ဒေါ်လာစျေးကွက်ပျက်ကာ ရောင်းဝယ်ရခက်တာတွေ၊ ဗဟိုဘဏ်ရဲ့ ဒေါ်လာစျေးကန့်သတ်ထိန်းချုပ်မှုတွေကြောင့် ဆေးဝါးတင်သွင်းရာမှာခက်ခဲလာလို့ ဆေးဝါးစျေးတွေ မြင့်တက်လာရခြင်းဖြစ်သလို တချို့ဆေးဝါးပစ္စည်းတွေဆိုရင် ပြတ်လတ်မှုရှိနေတယ်လို့ ဆေးဝါးပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသူတွေကနေ သိရပါတယ်။

” ဒေါ်လာကို ကိုယ့်အစီအစဥ်နဲ့ ကိုယ့်ဘာသာရှာပြီး ငွေချေရင် တင်သွင်းခွင့်လိုင်စင်ထုတ်ပေးမယ် စီးပွားကူးသန်းကကြေညာတယ်။နောက်တော့ နစက ဘက်ကပြောပြန်တယ် လွယ်လွယ်ထုတ်မပေးဘူးဆိုပြီး။ အခု ဒေါ်လာက အပြင်ပေါက်စျေးနဲ့ဝယ်ပြီး ငွေချေရမယ်ဆိုရင် စျေးကတက်မှာပဲလေ။ ဝယ်စျေးကမြင့်တော့ လျှော့ရောင်းဖို့က မဖြစ်နိုင်ဘူး။ ဒီတော့ မလိုအပ်ဘဲ မဝယ်ကြပါနဲ့။စုဆောင်းတာတွေ၊အတင်းလုဝယ်တာတွေမလုပ်ကြပါနဲ့ “လို့ ဆေးဝါးတင်သွင်းဖြန့်ဖြူးတဲ့လုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိ ဆေးလက်လီလက်ကားအရောင်းဆိုင်ကြီး တွေမှာတော့ ဆေးဝယ်သူတွေက အလုအယက်ဝယ်ယူနေတာမျိုးတွေ့နေရပြီး ဆေးပစ္စည်းတွေကလည်း ၂၀၀၀ တန်ဆေးကဒ် တကဒ်ကို ၈၀၀ ကျပ်တက်သွားသလို ၁၈၀၀ တန် ဆေးကဒ်က ၂၃၀၀ ကျပ်အထိတက်သွားကာ ဆေးပစ္စည်းအမျိုးအမည် တိုင်း စျေးတက်သွားတယ်လို့ သိရပါတယ် ။

” သုံးနေကြ အာရုံကြောအားဆေး betex အရင်က ၂၀၀၀ ရှိတယ် အခု ၂၈၀၀ပါ၊ အဲ့ဒါ လက်လီလက်ကားဆိုင်ပါ၊တခြားဆိုင်တွေဆို ၃၀၀၀ ဖြစ်နေလောက်ပြီ။ ၂၀၀ တန်ဆို ၃၀၀ ဖြစ်တယ်။ ၁၅၀ တန်က ၂၅၀ ဖြစ်သွားတယ်။ အကုန်ကိုတက်တာ။ ဒါလည်း အလုအယက်ဝယ်နေကြတာပဲ”လို့ လစဥ်ဆေးဝါးမှီဝဲနေရသူတဦးကပြောပါတယ်။

အခုလို ဆေးဝါးပစ္စည်းတွေ စျေးနူန်းမြင့်တက်ရောင်းချနေတဲ့အပေါ် ကျန်းမာရေးဝန်ကြီးဌာနကတော့ ဆေးဆိုင်တွေအနေနဲ့ ဝယ်စျေးအပေါ် ရိုးရိုးသားသား အမြတ်တင်ပြီး စျေးနူန်းမှန်မှန်ကန်ကန်ရောင်းချဖို့ မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။

“ဒေါ်လာစျေးဆိုတာ ကောလဟာလနဲ့တက်သွားတာရှိမယ်၊ တကယ်တမ်းအပြင်မှာလည်း အဲ့ဒီလောက်လည်းတက်ချင်မှတက်မယ်၊ တယောက်နဲ့တယောက် တမျိုးပြောတာတွေလည်းရှိမယ်၊အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ အထူးသဖြင့် နယ်မှာရှိတဲ့ အမှန်အကန်ဝယ်တဲ့စျေးနဲ့ရောင်းတဲ့စျေးပေါ့၊ ဝယ်တဲ့စျေးက ၁၀၀နဲ့ဝယ်လို့ ၁၀၅ ကျပ်နဲ့ရောင်းရင် ဝယ်ထားတဲ့ဟာက ၁၀၀ နဲ့ဝယ်ထားတဲ့ပစ္စည်းပဲဖြစ်မှာပေါ့၊ ဒါကို ဟိုဘက်ကနေ ဒေါ်လာစျေးတက်လို့ဆိုပြီး ကောလဟာလနဲ့တက်နေတဲ့အပေါ်မူတည်ပြီးတော့ လိုက်ပြီးစျေးတင်ရောင်းမယ်ဆိုရင် ၁၀၅ ကျပ်ကနေ ၁၃၀ ၊ ၁၄၀ ဖြစ်သွားနိုင်တယ်။ကျနော်တို့ကမေတ္တာရပ်ခံလို့ပဲရတာပါ။တိုက်တွန်းပြောကြားတာပေါ့။လူနာတွေရဲ့အကျိုးကိုရှေးရှုပြီး မေတ္တာရပ်ခံတာပါ။ဝယ်တဲ့စျေးတက်လို့ ရောင်းတဲ့စျေးတက်တာတော့ စီးပွားရေးသဘာဝ ကျနော်တို့လည်းလိုက်ပြောလို့မရဘူး ပေါ့ ” လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

ဆေးဝါးတင်သွင်းခွင့်ဆိုင်ရာ လိုင်စင်တွေကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဓိကဆောင်ရွက်နေတာဖြစ်​ပြီး ဆေးဝါးပစ္စည်းတွေစျေးနူန်းမြင့်တက်နေမှုနဲ့ပတ်သက်လို့ ထိန်းညှိဖို့က ဌာနတခုတည်းလုပ်ဆောင်လို့မရဘူးလို့လည်း ပြောပါတယ်။

#voiceofmyanmar #VOM #ဆေး၀ါးပစ္စည်း #ဒေါ်လာစျေးဂယက်

Related posts

Leave a Comment

VOM News

FREE
VIEW