စစ်ကိုင်းမြို့နယ် ထွေ/အုပ်ရုံးနဲ့ စည်ပင်ရုံး ဗုံးခွဲခံရ ၊ ကား ၂ စီး မီးလောင်ပျက်စီး

သြဂုတ် ၂-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ ပိုးတန်းရပ်ကွက်မှာရှိတဲ့ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ မြို့နယ်စည်ပင်သာယာရုံးကို မနေ့ သြဂုတ် ၁ ရက် နေ့လယ်ပိုင်းက မိုင်းခွဲခံရတာတွေ ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။

” ထွေ / အုပ်ရုံးထဲမှာ ပေါက်ကွဲတာပါ ၊ ကားဆင်ဝင်မှာရှိတဲ့ ကား ၂ စီး မီးလောင်ပျက်စီးသွားတယ် ၊ အဲ့ဒီအပြင် စည်ပင်ရုံးဘက်လည်း တိုက်ခိုက်ခံရတာဖြစ်သေးတယ် “လို့ ပိုးတန်းရပ်ကွက်နေ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဖြစ်တာက နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာမောင်စိုး ရုံးခန်းနဲ့ ကပ်လျက်က ကားဂိုဒေါင်မှာ ဖြစ်တာပါ ၊ ကား ၂ စီး မီးလောင်ပျက်စီးတယ် ၊ ၁ စီးက မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ကားဖြစ်တယ် ၊ ကျန်ကား ၁ စီးက သက်သေခံ ကားဖြစ်တယ် ၊ ပျက်စီးဆုံးရှုံးမှူ သိန်း ၃၆၀ ကျော်မယ် “လို့ ပြောပါတယ်။

စစ်ကိုင်းမြို့နယ် ထွေ / အုပ်ရုံးကို မိုင်းခွဲသူတွေဟာ လူ ၂ ယောက်ဖြစ်ပြီး အဝေးထိန်းမိုင်းနဲ့ ခွဲခံရတာဖြစ်တယ်လို့ ရုံးဝန်ထမ်းအသိုင်းအဝိုင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် စည်ပင်ရုံးဝန်းထဲကိုလည်း လက်လုပ်မိုင်း ၁ လုံး ပစ်ခတ်ခဲ့တာကြောင့် စည်ပင်ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲတာ ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲ့ဒီ ပေါက်ကွဲတာတွေဖြစ်ပြီးနောက် စစ်ကိုင်းမြို့ရဲ့ အချက်အခြာကျတဲ့နေရာတွေမှာ စစ်သားနဲ့ ရဲတွေက ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW