ဒေါ်လာစျေးကွက် ကြိုက်ရောင်းကြိုက်၀ယ်ဖြစ်နေပြီး ရောင်းသူမရှိဖြစ်နေ

သြဂုတ် ၂-၂၀၂၂
VOM (GG)

ဗဟိုဘဏ်က ဒေါ်လာအသုံးပြုမှုတွေနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေ ဆက်တိုက်ဆိုသလို ထုတ်ပြန်အပြီး ပြည်တွင်းမှာ ဒေါ်လာစျေးကွက် ပျက်ကာ အရောင်းအဝယ်ကလည်း ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြစ်နေပြီး လက်ရှိမှာ ရောင်းသူမရှိဖြစ်နေတယ်လို့ သိရပါတယ်။

ဒေါ်လာစျေးကွက်ပျက်တဲ့နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ အခြေခံစားသောက်ကုန်စျေးနူန်းကို တိုက်ရိုက်အချိုးကျ ရိုက်ခတ်ပြီး အခုဆိုရင် ပစ္စည်းအားလုံး စျေးတက်ရောင်းချလာတာကိုတွေ့ရ ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင် ဘောဂဗေဒသန်းစိုးက ” ဒေါ်လာစျေးတွေဂယောက်ဂယက်ဖြစ်နေလည်း ကျွန်တော်တို့စျေးကွက်ထဲကိို လိုက်ကြည့်တဲ့အခါ ပို့ကုန်သွင်းကုန်ကလည်း ဥပမာဆို​ပါဆို့ သွင်းကုန်ကန့်သတ်ချက်တွေလိုက်ကြည့်တဲ့အခါ သွင်းကုန်တွေနဲ့ပတ်သက်ပြီးတော့ အမျိုးအမည်တွေလည်း ခွဲခြားထားတော့ အဲဒါက တပိုင်းပေါ့ ၊ ဗဟိုဘဏ်က ၁၈၅၀နဲ့ကန့်သတ်ထားတာက တပိုင်း ၊ အဲ့ဒီမှာ၂ပိုင်းရှိတယ်၊ ကုန်သွယ်မှုမှာလည်း အကန့်အသတ်တွေနဲ့ထိန်းချုပ်ထားတာရှိတယ်ပေါ့နော်၊ နောက် ကုန်သွယ်မှုကရလာတဲ့ဒေါ်လာတွေကိုလည်း ထိန်းချုပ်တဲ့နည်းတွေရှိတယ်၊ အဲဒီနှစ်ခုထဲကမှ ဒေါ်လာစျေးက တအားတက်နေတယ်ဆိုတဲ့အခါ စျေးကွက်ထဲမှာတက်နေတယ်ဆိုတာက ကျွန်တော်ထင်သလောက်တော့ စျေးကစားနေကြတာလို့ထင်တယ်၊ စျေးကွက်ထဲမှာ ဟိုလိုပြောလိုက် ဒီလိုပြောလိုက်တွေကြောင့်ထင်တယ်၊ တကယ်ကုန်သွယ်မှုဘက်ကကြည့်မယ်ဆိုရင် ဒေါ်လာလိုအပ်ချက်တွေ ဘာတွေက အဲ့ဒီလောက်ကြီး ဆိုးဆိုးဝါးဝါးဖြစ်နေမယ်မထင်ဘူး ၊ အဲ့ဒီ အချက်နှစ်ချက်နဲ့ကြည့်မယ်ဆိုရင် ဒေါ်လာကို နိုင်ငံရေးအခြေအနေပေါ်လိုက်ပြီး သက်သက်မဲ့ကိုစျေးကစားနေတယ်ထင်တယ်။ ” လို့ သုံးသပ်ပြောဆိုပါတယ်။

အခုလို ဖြစ်နေတဲ့ ဒေါ်လာစျေး ဂယက်တွေ ၊ ကောလဟာလသတင်းတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ လုပ်ဆောင်နေတာတွေကို အချက်အလက် အကြောင်းအရာတွေနဲ့တကွ ပြည်သူလူထုကို ရှင်းလင်းချပြသင့်တယ်လို့လည်း ပြောပါတယ်။

” ဒီလိုစျေးတွေဖြစ်နေပါတယ် သွားနေတာဟာ မဖြစ်နိုင်ပါဘူးဆိုတာ ကျနော်တို့ဆီမှာကုန်သွယ်မှုကဘယ်လောက်ရှိပါတယ်။tradeနဲ့ပတ်သက်ပြီးလိုင်စင်တွေဘယ်လိုပေးထားပါတယ် ၊ကုန်ပစ္စည်းတွေကို ဘယ်လောက်ထိ သွင်းကုန်လိုင်စင်ချပေးထားပါတယ်၊ အဲ့ဒီအတွက်အခုက ဒေါ်လာငွေဘယ်လောက်လိုပါတယ် အဲ့ဒီဒေါ်လာတွေကို ကျနော်တို့ရှာထားပါတယ် ၊အစိုးရကနေ ကူညီဆောင်ရွက်ပေးပါတယ်ဆိုတဲ့ ပြည်သူလူထုကိုပြန်ပြီးတော့ရှင်းပြတဲ့ Export အဲ့ဒီဟာမရှိတာလည်းပါတယ် ။ တကယ်ရှင်းရမှာ အဲ့ဒီဟာနဲ့ ထရှင်းရမှာ ၊ သက်ဆိုင်ရာအာဏာပိုင်က ဗဟိုဘဏ်ရယ် ကုန်သွယ်ရေးဦးစီးဌာနရယ် ထရှင်းရမှာ ဒီအချိန်မှထရှင်းရမှာ ဒါကိုမရှင်းဘဲနဲ့ ဒီတိုင်းပစ်ထားလေ ဒေါ်လာစျေးတွေက ကမောက်ကမတွေနဲ့စျေးကွက်ထဲလျှောက်တက်နေမှာ တကယ်လို့ လဲချင်ပါတယ်သွားပြော ဘယ်မှမလဲရဘူး ။ ” လို့ ဦးသန်းစိုးက အကြံပြုပြောဆိုပါတယ်။

လက်ရှိမှာတော့ ဒေါ်လာစျေး မတည်ငြိမ်မှု ၊ စျေးကွက်ပျက်ပြီး ကြိုက်ရောင်းကြိုက်ဝယ်စနစ်ပေါ်လိုက်ပြီး ဆန် နဲ့ အခြေခံစားသောက်ကုန်ပစ္စည်း အပါအဝင် ပစ္စည်းအားလုံး စျေးနူန်းမြင့်တက်သွားပါတယ်။

” စျေးတက်တာမပြောနဲ့ ဒေါ်လာစျေးတွေတက်နေတာလေ ။ ဝယ်စျေးတက်တော့ ရောင်းစျေးလည်းတက်ရတာပေါ့ ” လို့ ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

ဒါ့ကြောင့်အခြေခံလူတန်းစား ပြည်သူလူထု ထိခိုက်မှုမရှိအောင် အစိုးရပိုင်းက တာဝန်ရှိသူတွေအနေနဲ့ နယ်ပယ်စုံက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ အားလုံးကို ဖိတ်ခေါ်ကာ နှစ်ဖက်တွေ့ဆုံပြီး စျေးကွက်လိုအပ်ချက်နဲ့စျေးကွက်ကတောင်းဆိုမှုကို ညှိနိူင်းဖြေလျှော့ပေးတာမျိူးလည်း လုပ်ဆောင်သင့်တယ်လို့ အကြံပြု ပြောဆိုထားတာလည်း ရှိပါတယ်။

” နှစ်ပိုင်းလုပ်သင့်တယ် တပိုင်းကသူတို့တွေစီးပွားရေးလုပ်ငန်းရှင်တွေကိုခေါ်တွေ့ပြီးတော့ သူတို့ဘယ်လိုဖြစ်ချင်သလဲ ဘယ်လိုလုပ်သင့်သလဲ ၊ သူတို့ကလည်း စီးပွားရေးသမားကျတော့ သူတို့လုပ်ချင်တာကိုမလုပ်ရတော့ စျေးကစားတာပေါ့ ။ စီးပွားရေးသမားကိုခေါ်ပြီး ဘာတွေကိုကျနော်တို့ဖြေလျှော့ပေးရမလဲဆိုတာမျိုး တဖက်ကစဥ်းစားပေးရမယ်။အဲ့ဒီလိုမှမဟုတ်ဘဲ မင်းတို့ဒီလိုလုပ်ရင် ဖမ်းမယ်ဆီးမယ်ပဲ လုပ်နေလို့လည်းမရဘူး ၊ ဖမ်းမယ်ဆီးမယ်လုပ်ရင် စျေးကွက်ကပိုရှုပ်ထွေးလေ​ဖြစ်တာပေါ့။စျေးကွက်ကဘာဖြစ်ချင်လဲဆိုတာ မေးဖို့လိုတယ် ၊ မေးပြီးတော့မှ အစိုးရတာဝန်ရှိတဲ့သူတွေက ဘယ်ဟာတွေကိုဘယ်လိုဖြေလျှော့ရမလဲ ဘာတွေလုပ်ရမလဲဆိုတာပိုကောင်းမယ်။ပြောချင်တာက စျေးကွက်ကတောင်းဆိုနေတဲ့အချက်ကို ဌာနဆိုင်ရာကဖြေလျှော့ပေးရမယ်၊ စျေးကွက်ကတောင်းဆိုတာကိုဖြေလျှော့မပေးဘဲ တင်းကျပ်နေမယ်ဆိုရင် စျေးကွက်ကထွက်ပေါက်မရှိဘဲ ဖြစ်နေအုံးမှာပဲ။ အဲ့ဒါကိုကမှားနေတာ ။ဒီတော့ သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်တွေရောအကုန်ခေါ် ပြီး နှစ်ဦးနှစ်ဖက်တွေ့ပြီးတော့ ညှိုနိူင်းသင့်တယ်။ မဟုတ်ရင်ပြည်သူလူထုပဲ ဒုက္ခရောက်တယ်” လို့ ဦးသန်းစိုးက ဆက်လက်အကြံပြု ပြောဆိုပါတယ်။

ဗဟိုဘဏ်ရဲ့ သတ်မှတ် ဒေါ်လာစျေးက တဒေါ်လာ ၁၈၅၀ ကျပ်ဖြစ်ပြီး ပြင်ပပေါက်စျေးက တဒေါ်လာကို ၂၄၉၀ ကနေ ၂၅၂၀ ရှိနေသလို ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

“ကုန်စျေးနူန်းကတော့ ရည်ညွန်းစျေးတခုတည်းနဲ့ထိန်းသိမ်းလို့မရဘူး။ကုန်စျေးနူန်းက သူ့ဟာသူ ဒေါ်လာစျေးနူန်းကြောင့်ဖြစ်နေတာဆိုတော့ အဲ့ဒီလောက်ထိ လိုက်လုပ်လို့မရဘူး။ ” လို့ ရွှေလုပ်ငန်းရှင်တဦးက သုံးသပ်ပြောဆိုပါတယ်။

အခုလို ဒေါ်လာစျေးကွက်ပျက်ပြီး ဗဟိုဘဏ်သတ်မှတ်စျေးထက် တဒေါ်လာကို ၈၀၀ ကျပ်နီးပါးအထိ ကွာဟမြင့်တက်နေတဲ့အပေါ် ဗဟိုဘဏ်အနေနဲ့ တစုံတရာ ဖြေရှင်းခြင်း၊ ထုတ်ပြန်ချက်အသစ်ထပ်မံထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

အခုလိုအခြေအနေတွေနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #ဒေါ်လာစျေးဂယက်

Related posts

Leave a Comment

VOM News

FREE
VIEW