မြင်းမူမြို့နယ် လက်ပံကျင်းရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး လူ ၁ ရာကျော် ဖမ်းဆီးခံထားရ

သြဂုတ် ၊ ၂ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ၊ လက်ပံကျင်းရွာနားမှာ မနေ့ သြဂုတ် ၁ ရက်နေ့က ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး လူ ၁ ရာကျော် ဖမ်းဆီးခံထားရတယ်လို့ လက်ပံကျင်းရွာခံတွေဆီက သိရပါတယ်။

အဲ့ဒီ လူ ၁ ရာကျော် ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက” မနေ့က လက်ပံကျင်းရွာနားမှာ တိုက်ပွဲငယ် တခုဖြစ်တယ် ၊ နယ်မြေရှင်းလင်းရေး စစ်ကြောင်းကို ရွာအဝင်ကနေ စောင့်ကြိုတိုက်ခံရတာပါ ၊ အဲ့ဒီနောက် လက်ပံကျင်းရွာရဲ့ အနောက်မြောက်ဘက်မှာ အစည်းအဝေးလုပ်နေတဲ့ စခန်းတခုကို သိမ်းဆည်းရမိတယ် ၊ အဲ့ဒီမှာ သံသယရှိတဲ့ အမျိုးသား (၄၀) ဦး နဲ့ အမျိုးသမီး (၇၃) ဦးကို စစ်ဆေးနေပြီး ဖြစ်စဥ်မှာ မပါဝင်သူတွေကို ပြန်လွှတ်ပေးသွားမှာဖြစ်ပြီး အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်သူတွေကိုတော့ တရားဥပဒေအရ ဆောင်ရွက်သွားမယ် ” လို့ ပြောပါတယ်။

” မနေ့က မနက်ပိုင်းမှာ ရွာနားမှာရော ထိတွေ့တိုက်ပွဲဖြစ်တယ် ၊ အဲ့ဒါပြီးတော့ လူ ၁ ရာကျော်ကို ဖမ်းခေါ်သွားတာ ” လို့ လက်ပံကျင်းရွာခံ တယောက်က ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လူ ၁ ရာကျော်ကို ဘယ်နေရာ ခေါ်ဆောင်သွားတယ်ဆိုတာ ရွာခံတွေက အခုထိ မသိရသေးဘူးလို့ ပြောပါတယ်။

မနေ့က ထိတွေ့တိုက်ပွဲမှာ ထိခိုက်သေဆုံးတာတွေ ရှိတဲ့အတွက် အဖမ်းခံရသူတွေရဲ့ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ လက်ပံကျင်းရွာခံတချို့က ပြောပါသေးတယ်။

#voiceofmyanmar #VOM #မြင်းမူ

Related posts

Leave a Comment

VOM News

FREE
VIEW