မြဝတီ အာရှလမ်းမှာ ယာဥ်၂စီး တိုက်မိပြီး MOUလုပ်သား ခရီးသည် ၁၀ ဦး ထိခိုက်ဒဏ်ရာရ

သြဂုတ် ၊ ၅ ၊ ၂၀၂၂
SP(VOM)

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ အာရှကုန်သွယ်ရေးလမ်း ၊ နတ်စင်ကွေ့နားမှာ မနေ့ သြဂုတ် ၄ ရက် ညနေပိုင်းက ခရီးသည်တင် မှန်လုံကားနဲ့ ၂၂ ဘီး ကုန်တင်ကား မျက်နှာချင်းဆိုင် တိုက်မိပြီး ခရီးသည် ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကော့ကရိတ်မြို့ခံ ပုလဲဖြူ လူမှုကူညီရေးအဖွဲ့ဆီက သိရပါတယ်။

” ၂၂ ဘီးကုန်တင်ကားနဲ့ Express ကား မျက်နှာချင်းဆိုင် တိုက်မိတာပါ ၊ မှန်လုံကားက ခေါင်းပိုင်းပျက်စီးသွားပြီး ခရီးသည် ၁၀ ဦး ထိခိုက်ဒဏ်ရာရတယ် ၊ ဒဏ်ရာရတဲ့ ခရီးသည်တွေက MOU လုပ်သားတွေဖြစ်ပြီး ထိုင်းနိုင်ငံကိုသွားရောက်ဖို့ မြဝတီကိုလာကြတာဖြစ်တယ် “လို့ ပုလဲဖြူ လူမှုကူညီရေးအဖွဲ့မှ ပရဟိတသမား တယောက်က ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ MOU ခရီးသည်တွေကို ကော့ကရိတ်ဆေးရုံ ပို့ဆောင်ပေးခဲ့ပြီး မိသားစုနဲ့ အဆက်သွယ်ရဖို့ ဒေသခံ ပရဟိတသမားတွေက ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ကြတဲ့ မြန်မာလုပ်သားတွေဟာ ထိုင်း-မြန်မာ နယ်စပ်လမ်းကနေ ဝင်ရောက်ကြတာဖြစ်ပြီး နယ်စပ်ကနေ ထိုင်းပြည်ပကြီးထဲကို အဆင်ပြေသလို သွားရတဲ့အတွက် မကြာခဏ ယာဥ်တိုက်မှုဖြစ်တာ နဲ့ ယာဥ်တိမ်းမှောက်တာတွေ ကြုံရပြီး သေဆုံးတာ ၊ ဒဏ်ရာရတာတွေ မကြာခဏ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်း မြန်မာ နယ်စပ်လမ်းမှာ မြန်မာလုပ်သားတွေလိုက်ပါလာတဲ့ကားတွေ မတော်တဆမှုဖြစ်ပွားတဲ့အတွက် အခုနှစ် ဇန်နဝါရီကနေ ဇူလိုင်အထိ ၇ လအတွင်း ယာဥ်မတော်တဆမှုဖြစ်စဥ် ၈ ကြိမ်မှာ သေဆုံးသူ မြန်မာလုပ်သာ ၁၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၅ ဦးထက်မနည်း ရှိတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Photo – ပုလဲဖြူ လူမှုကူညီရေး
#voiceofmyanmar #VOM #မြ၀တီအာရှလမ်း #ယာဥ်တိမ်းမှောက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW