တွင်းမကျေးရွာအတွင်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး ကလေးငယ် ၁ ဦးသေဆုံး ၊ ၇ ဦး ပြင်းထန်ဒဏ်ရာရ

သြဂုတ် ၇-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခု​က္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ တွင်းမကျေးရွာက လူနေအိမ်တွေကို မနေ့ သြဂုတ် ၆ ရက် ၊ နေ့လယ်ပိုင်းက သေနတ်တွေနဲ့ပစ်ခတ်ခံရတာကြောင့် ကလေးငယ် ၁ ဦးသေဆုံကာ ၊ လူ ၇ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်မှာ ရွာထဲကို ဝင်ပစ်တာပါ ၊ အသက် ၁ နှစ်ခွဲအရွယ် မောင်ဖြိုးမြတ်ကိုကို ဆိုတဲ့ ကလေး ၁ ဦးက ကျည်ဆံထိမှန် သေသွားတယ် ၊ နောက်ပြီး လူကြီး ၇ ဦးလည်း ကျည်ဆံထိမှန်ထားတယ် ” လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။

အဲ့ဒီ ဒဏ်ရာရ လူ ၇ ဦးကို ပခုက္ကူဆေးရုံမှာ အရေးပေါ် အတွင်းလူနာအဖြစ်ဆေးကုသခံနေရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အဆင့် လူနာ ၃ ဦးထက်မနည်း ပါဝင်နေတယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းက ပြောပြချက်အရ သိရပါတယ်။

မနေ့ မနက်ပိုင်းကစလို့ အဲ့ဒီ မြိုင်မြို့နယ် ၊ တွင်းမရွာဘက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ရွာထဲက လူနေအိမ်တွေကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာကို VOM အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နှစ် ၂၀၂၁ ဇွန်လကစလို့ ဒီနှစ် သြဂုတ်လအထိ သေနတ်ထိမှန် သေဆုံးသူ ၇၀ ထက်မနည်းရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မြိုင် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW