ဒီပဲယင်းမြို့နယ် ကိုင်းကံရွာမှာ နေအိမ် ၁ ရာကျော် မီးရှို့ခံရ ၊ လူ ၁ ဦးသေဆုံး

သြဂုတ် ၊ ၇ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ ကိုင်းကံကျေးရွာမှာ မနေ့ သြဂုတ် ၆ ရက် မနက်ပိုင်းက လူနေအိမ် အဆောက်ဦး ၁ ရာကျော် မီးရှို့ဖျက်ဆီးခံရပြီး အဲ့ဒီ မီးလောင်မှုဖြစ်စဥ်မှာ လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒီပဲယင်းနယ်ခံတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်းမှာ ရွာမီးရှို့ဖျက်ဆီးခံရတာပါ ၊ ရွာက အိမ်ခြေ ၂ ရာဝန်းကျင်ပဲရှိတယ် ၊ မီးလောင်ပျက်စီးတာ ၁ ရာကျော် ၊ အခု နေအိမ် ၅၀ ကျော်လောက်ပဲကျန်တော့တာ ၊ ရွာဒင်ဘက်က ကလေး ၁ ယောက်သေတယ် ၊ အသက်က ၁၈ ၊ ၁၉ အရွယ်ဖြစ်တယ် ” လို့ ကိုင်းကံရွာခံတယောက်က ပြောပါတယ်။

ဒါ့အပြင် မနေ့ မနက်ပိုင်းက ဒီပဲယင်းမြို့နယ် ၊ ကိုင်းကံ ၊ အင်ပင် ၊ ရွာဒင် နဲ့ မန်ကြီးအုပ် စတဲ့ ရွာတွေဘက်ကို ခြေလျင် စစ်ကြောင်းတွေ ဝင်ရောက်လာသလို ဝေဟင်ကနေလည်း ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒါကြောင့် ဒေသခံ ၁ ထောင်ဝန်းကျင်ဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဒေသခံရွာသားတချို့နဲ့ တောင်သူလုပ်ငန်းခွင်က လူတချို့ အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေကြောင့် သရက်ကန် ၊ညောင်ပုထိုး ၊ မအုံ ၊ ဖုတ္ထန်တော ၊ မိကျောင်းအိုင် စတဲ့ကျေးရွာတွေက ဒေသခံ ထောင်ဂဏန်း ဝန်းကျင်ကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ISP Myanmar သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဖေဖော်ဝါရီလကနေ အခုနှစ် ဇူလိုင် ၁၅ ရက်အထိ နိုင်ငံတဝှမ်း ပဋိပက္ခဖြစ်စဥ်တွေကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်နဲ့ အဆောက်အအုံပေါင်း ၂၈၄၁၉ လုံးရှိတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ အဲ့ဒီ အရေအတွက်ဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မီးရှို့ဖျက်ဆီးခံရတာနဲ့ လက်နက်ကြီးကျည် ထိမှန် ပျက်စီးခဲ့တဲ့ အခြေအနေဖြစ်တယ်လို့ အဲဒီ ထုတ်ပြန်ချက် က ဆိုပါတယ်။

အဲ့ဒီ ပျက်စီးဆုံးရှုံး အရေအတွက်ထဲမှာ စစ်ကိုင်းတိုင်းက ၂ သောင်းကျော် ပါဝင်ပြီး ၊ ဒုတိယ အများဆုံးဖြစ်တဲ့ မကွေးတိုင်းကတော့ ၅ ထောင် ၊ ၇ ရာကျော်ရှိပြီး ကျန်အရေအတွက်က ချင်း ၊ ကယား စတဲ့ ပြည်နယ်ဘက်တွေကလို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #ဒီပဲယင်း #ကိုင်းကံရွာမီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW