ရွှေမြင်းမိုရ် မြတောင်

ဆူးငှက်
““ဘုံလေးဆင့် တိမ်ပြင်မှာ၊
စိန်ဒရင် လျှံမောင်းတဲ့၊
မှန်ကျောင်းတော် ဝေယန့်သာခေါင်၊
နေရဗြန့်တန်ဆောင်။
ရွှေမြင်းမိုရ် မြတောင်ကို …
အို … မြအရောင် ရှက်သန်းလို့လေး””ဟူ၍ မြတောင်ကျောင်းသားဟောင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းက စစ်ကိုင်းပြန် မှာတော်ပုံဆောင်းပါးတွင် မြတောင်ကျောင်းကြီးဘွဲ့ တေးထပ်ကို ရေးစပ်ခဲ့ပါ၏။
တကယ်တော့ ၁၂၄၆ခုနှစ်က တည်ဆောက်ခဲ့သော မြတောင်ရွှေကျောင်းတော်ကြီး၏ တန်ဖိုးကို ထိုအချိန်က ““သံပုရာသီးတစ်လုံးဖိုး””ဟူ၍ မှတ်သားခဲ့သောကြောင့် ပြောင်းပြန်သင်္ကေတအရ ၅သန်းကျော် ကုန်ကျခဲ့သည်ဟု မှတ်သားရ၏။ မြန်မာတို့၏ သယံဇာတဖြစ်သော ကျွန်းသစ်လုံးကြီးများ၊ရွှေ၊ငွေ၊ ပတ္တမြား၊ကျောက်မျက်များနှင့် အံ့မခန်း တည်ဆောက်သဖြင့် အသပြာ ၅ သန်းကျော် ကုန်သည့် ရွှေကျောင်းတော်ကြီးကို ယခုခေတ်အခါတွင် ကွန်ကရစ်တိုင်လုံး၊ဘော်စနီရွှေမင်၊ ပုံသွင်းအင်္ဂတေပန်းပု၊ ကြွေပြားကပ် အခင်းများနှင့်ပင် သန်း ၅ ရာကျော် ကုန်နိုင်လောက်၏။
ကုန်းဘောင်ဆက် တတိယတွဲ စာမျက်နှာ ၆၈၅ တွင် …
““၁၂၄၆ နှောင်းတန်ခူးလ (ဧပြီ ၁၈၈၅) ရွှေမြို့တော်ကြီးအနောက်ပြင် ဂေါဝိန်တံခါးလမ်းတောင်ဘက် ရတနာဘုမ္မိအရပ်တွင် အရှင်နန်းမတော် မိဖုရားခေါင်ကြီးက ဆောက်လုပ်ပြီးပြောသည်။ ရွှေရေးကျောင်းရဲ့ ရှစ်ရပ်နှင့်တကွ ဘုံလေးဆင့်ရှိ မှန်ကျောင်းတော်ကြီးကို “မဏိရတနာရာမတိုက် မဟာရတနာဘုံမ်စံကျောင်း”” ဟု ကမ္ဗည်း တပ်တော်မူပြီးလျှင် အာလောကာ ဘိပဝရ သာသနက္ခ မဟာဓမ္မရာဇဓိ ရာဇဂုရု ဘွဲ့တံဆိပ်တော်ရ မြတောင်ဆရာတော် အား ကျောင်းအပ် တင်လှူတော်မူသည်ဟု ဖော်ပြပါရှိလေသည်။
ထိုကောက်နှုတ်ချက်အရ နန်းမတော် စုဖုရားလတ်ကောင်းမှု မြတောင်ရွှေကျာင်းတော်ကြီး ရေစက်ချ မချ ပြဿနာတွင် ၁၈၈၅ ဧပြီလက ကျောင်းတင် လှူပြီးဖြစ်သောကြောင့် ၂၉ နို၀င်ဘာ ၁၈၈၅တွင် သီပေါမင်း အရှင်၂ပါး ပါတော်မူသောအခါ ရေစက်ချ ကျောင်းတင်လှူပွဲ လုပ်ရန် မလိုတော့ကြောင်း ပညာရှင်များထောက်ပြသည်။
မန်းရာပြည့် စာစောင်တွင် ပါရှိသော သီပေါအရှင်နှစ်ပါးနှင့် အခြွေအရံများ မြတောင်ရွှေကျောင်းတော်ကြီးရှေ့တွင် ရေစက်သွန်းချအပြီး ရိုက်ကူးထားသည်ဆိုသော ဓာတ်ပုံမှာ ဓာတ်ပုံပညာနှင့် ဖန်တီးထားသည်သာဖြစ်ကြောင်း။ ဓာတ်ပုံပါ ရွှေကျောင်းတော်ကြီးရှိ အဆောင်များ ပြသာဒ်ရှိလှေကားများ ကြည့်ခြင်းအားဖြင့် မြတောင်ရွှေကျောင်းတော်ကြီး လုံး၀ မဟုတ်ကြောင်း။ တိုင်းပြည်၏ ရှင်ဘုရင်ကို ဖမ်းဆီးခါ်ဆောင်သည့်အချိန်တွင် မိနစ်၊စက္ကန့်နှင့်အမျှ အရေးပါသောကြောင့် အဘယ်မည်သော ကျူးကျော်ထိပါးသူသည် သုံ့ပန်းရှင်ဘုရင်ကို လူထုကြား ရေစက်ချခွင့်ပေးပါမည်နည်းဟု ထောက်ပြ၏။ သမိုင်းကား ငြင်းခုံကြရပေမည်။ ငြင်းခုံရင်းမှပင် အဖြေတစ်ခု ရရှိပေလိမ့်မည်။ တစ်ခါတစ်ရံ သမိုင်းကို အုပ်စိုးသူတို့၏ အသုံးချခံအဖြစ် အယုံသွင်းခဲ့ကြသည်။ ထိုအခါငြင်းဆုံကြရတော့၏။ ထိုအခါ အဖြေမှန်သည် ပုန်းလျှိုးရာမှ ရဲဝံ့စွာ ထွက်လာတတ်ပါသည်။ ကိစ္စမရှိ …။
သို့သော်…
၁၃၀၃ခု တပေါင်းလပြည့်ကျော် ၄ရက်(၄-၃-၄၂)နေ့တွင်မူ အေလမ်းပေါ်တွင် စစ်ထရပ်ကားကြီးများက မနက်မိုးမလင်းမီကပင် တဝေါဝေါ မောင်းနှင်နကြ၏။ စစ်သုံးအင်္ဂလိပ်အမြောက်ကြီးများကို မြစ်ဆိပ်မှ နန်းတွင်းသို့ အဆက်မပြတ် ပို့ဆောင်နေကြခြင်း ဖြစ်လေသည်။ နံနက်(၁၀)နာရီ မိနစ်(၃၀)အရောက်မှာတော့ လေယာဉ်အုပ်ကြီး တစ်အုပ် ဝေါခနဲပေါ်လာသည်။ တောာင်ပံတွင် နေဝန်းနီနီတံဆိပ်များနှင့် ဂျပန်လေယာဉ်များဖြစ်၏။ ထိုလေယာဉ်အုပ်ကြီးသည် မန္တလေးမြို့ကို ဗုံးသီး၊ ဗုံးဆံတို့ ရက်ရောစွာ ချပစ်နေပါပကော။ အင်္ဂလိပ် အမြောက်တင် ကားတချို့ အေလမ်းပေါ် မြတောင်ရွှေကျောင်းကြီးအနီး ရောက်သူရောက်နေကြသည်။ လေယာဉ်ပေါ်မှကြဲချသည့် ဗုံးများကြောင့် စစ်ထရပ်ကားကြီးများ အေလမ်းမြောက်ဘက် မောင်းချသူမောင်းချ။အကြော်စုရပ်ထဲ ဆင်းပြေးသူပြေး။ ဂျပန်လေယာဉ်များက စစ်ကားများဆီ ဗုံးဆက်တိုက်ကြဲ၏။
ထိုအချိန်တွင် မြတောင်တိုက်သစ်ကျောင်းရှေ့ ရေတွင်းပေါ်  ဗုံးတစ်လုံး ကျသည်။ ရွှေရေးဆောင်ကျောင်းတောင်ဘက် ဗုံးနှစ်လုံးကျသည်။ မကွဲ။ အုတ်တိုက်အနီး တစ်လုံးကျသည်။ ရန်ကုန်ကျောင်း တစ်ခြမ်းပြို၏။ ရွှေကျောင်းတော်ကြီးမှ မှန်စီရွှေချတွေ ရိုက်ခွာလိုက်သလို ကျောင်းပေါ် ပြန့်ကျဲ ကျကုန်သည်။ ကျောင်းတော်ကြီး တိုင်အောက်ခြေ ယိုင်ရွဲ့ပြီး နယားရုပ်များပြုတ်ကျသည်။ ဗုံးဆံတစ်ဆံက အထက်ပြသာဒ်ကိုမှန်၍ မီးခိုးခူ၏။ ပဉ္စင်းငယ်များ စွန့်စွန့်စားစား တက်ငြိမ်းကြရသည်။ အခြား ကြီးကြီးကျယ်ကျယ် အပျက်အစီးမရှိသေး…။
ထိုနေ့ညတွင်တော့ အင်္ဂလိပ်စစ်တပ်က မီးကျည်တွေ ပစ်နေသဖြင့် မန္တလေးတစ်မြို့လုံး လင်းထိန်နေသည်။ ထို့အတူ မီးကျည်များကြောင့် ရပ်ကွက်များမှာ မီးတွေလောင်ကုန်၏။ ဘုရားကျောင်းကန်သာသနနိက အဆောက်အအုံများပါ မကျန်။ ၁၃၀၃ခု၊ နှောင်းတန်ခူးလဆန်း(၈)ရက်၊ ညနေ(၅)နာရီအချိန်တွင်မှာတော့ မဟာမိတ်တပ်က စစ်ဂျစ်ကားတစ်စီး အေလမ်းအတိုင်း အပြင်းမောင်းနှင်လာသည်။
ထို့နောက် မြတောင်တိုက် အနောက်မြောက်ဘက် အရောက် မီးကျည် တစ်စင်း ပစ်လွှတ်သွား၏။ ဖောင်ဝန်မင်းကျောင်း ခေါင်မိုး မီးစွဲလောင်သည်။ ထိုအခါ ဘယ်သူမှ တက်မငြိမ်းဝံ့တော့။ ဤသို့ဖြင့် ဖောင်ဝန်မင်းကျောင်းမှ စတင်လာင်ကျွမ်းခဲ့သော မီးသည်
သီပေါမင်းနှင့် မိဖုရားခေါင်ကြီးတို့လှူဒါန်းခဲ့သော ပြသာဒ်ဘုံ(၇)ဆင့်၊ စနုဆောင်၊ဇေတဝန်ဆောင်၊ဘောဂဆောင်၊ နယားရုပ်ခံတိုင်လုံးကြီးများ၊ပြ ၅၀ကျော်မြင့် ရွှေပိန်းချ ကျွန်းတိုင်လုံးကြီးများ၊ ဇာတ်၊ နိပါတ်၊ ပန်းနွယ်ပန်းခက်တို့ဖြင့် ဆင်ယင်အပ်သော လက်ရန်းများ စသည့်မြန်မာ့အံ့မခန်း သယံဇာတပစ္စည်း အနုပညာများဖြင့်မွှမ်းထုံအပ်သော လှေကားရှစ်စင်းထပ် ရွှေကျောင်းတော်ကြီးကိုပြာဘုံဘဝရောက်အောင် မီးစွဲလောင်ခဲ့လေတော့သည်။
““သာသနာမြေပလ္လင် အသရေလှပေတဲ့၊ ရွှေမြတောင်သာတဲ့ တိုက်ဆီက၊ နေလနှစ်ဆောင် ပါတော်မူတဲ့အခိုက်ကိုဖြင့်၊ ကတိုက်ကရိုက် အမြန်မြင်လိုက်တော့၊ မခံချင် မာန်ဝင်တဲ့ အစွမ်းရယ်နှင့်(သြော်) မန်းအပျက်တွင်ဖြင့်၊ ကြငှန်းမက်လိုက်ရပုံက၊ ပြခန်းထွက်တဲ့ပြီး၊ အကြမ်းဖက်ရော့မဟဲ့လို့၊ ငန်းငန်းတက် သရေယိုအောင်၊ နန်းဆက် အမွေကိုလဲမှန်းမိတဲ့ပြင်” ဟူ၍ အိုးဝေမဂ္ဂဇင်းတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက မြတောင်တိုက်၏ အခန်းကဏ္ဍကြောင့် မျိုးချစ်စိတ် ထက်သန်ခဲ့ပုံကို ရေးသားခဲ့လေသည်။
၁၃၄၄ ခု(၁၉၈၃)ခုနှစ် တပေါင်းလဆန်း(၈)ရက်၊ (မတ်လ ၂၁ရက်)တွင် နှစ်တစ်ရာပြည့်ခဲ့လေသောမြတောင်တိုက်ကြီးသည် မန္တလေးသမိုင်း၏ အဓိကကဏ္ဍတွင် အမြဲပါဝင်ခဲ့လေသည်။ မြတောင် နှစ်တစ်ရာပြည့်ကာလက ရေးစပ်ခဲ့သော ဆရာကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာတစ်ပုဒ်ကို ယခုအချိန်ထိ အေလမ်းပေါ်မှသည် မြတောင်တိုက်ကို ဦးခိုက်ရလေတိုင်း ရွတ်ဆိုမိသည်။
“” ညီညွတ်လျှင် ဘာ
မညီညွတ်လျှင် ဘာ
တရားလျှင် ဘာ
မတရားလျှင် ဘာ
မြတောင်ရဲ့ မျက်နှာမှာ
ကျောက်စာတွေ ရှာဖွေလို့ ဖတ်ကြရော့
သမိုင်းအမြင် အဆင်ခြင်တတ်ပေလိမ့်၊
မြတောင်ဆို သူအိုမြတ်ရယ်က
မှတ်ခဲ့လေခြင်း…””ဟူလို။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW