ဆယ်ဇင်းရွာမှာ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် နေအိမ် ၄ ရာကျော် မီးရှို့ခံရ

သြဂုတ် ၊ ၁၀ ၊ ၂၀၂၂
SP (VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် နဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ် အစပ်က ဆယ်ဇင်းရွာမှာ ၃ ရက်ကြာ တိုက်ပွဲတွေဖြစ်ပြီးနောက် ရွာထဲက လူနေအိမ် ၄ ရာကျော်ဟာ ဒီကနေ့ မနက်ခင်းထိ မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဆယ်ဇင်းကို ကုန်စည်ပို့ဆောင်ရင်း ရောက်နေတဲ့ ရေယာဥ်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” အခုလ ၇ ရက် မနက်အစောပိုင်းက စလို့ ဆယ်ဇင်းမှာ တိုက်ပွဲတွေဖြစ်တယ် ၊ စစ်သားတွေရောနေတဲ့ ရဲကင်းစခန်းကို အမည်မသိအဖွဲ့တွေက ဝင်တိုက်တာ ၊ တနေ့က (အခုလ ၈ ရက်နဲ့ ၉ ရက်) နဲ့ မနေ့ကစလို့ တိုက်လေယာဥ်တွေနဲ့ပါ ပစ်တယ် ၊ မနေ့က ညမှာ ရွာ မီးစလောင်တယ် ၊ ဒီမနက်အထိ လောင်နေတုန်း.” လို့ ဆယ်ဇင်းဆိပ်ကမ်းမှာရှိတဲ့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဆယ်ဇင်းတိုက်ပွဲနဲ့ ပတ်သက်လို့ ဒေသခံတယောက်က ” တိုက်ပွဲက ပတ်လည်ဖြစ်နေတာပါ ၊ ဆယ်ဇင်းမှာက အဖွဲ့စုံရှိတယ် ၊ ဘယ်က ပစ်ခတ်မှန်း မသိရတဲ့ လက်နက်ကြီးကျည်တွေ ရွာထဲကျတယ် ၊ ပေါက်ကွဲပြီး ထိမှန်တဲ့အတွက်လည်း ရွာက ဦးကျော်ရှိ သေဆုံးသွားတယ် “လို့ ပြောပါတယ်။

လူနေအိမ် ၅ ရာကျော်ရှိတဲ့ ဆယ်ဇင်းရွာဟာ မနေ့ သြဂုတ် ၉ ရက် ညပိုင်းကစလို့ မီးရှို့ဖျက်ဆီးခံရတာကြောင့် အဲ့ဒီမီးဟာ ဒီမနက်အထိ လောင်နေဆဲဖြစ်ပြီး လူနေအိမ် ၄ ရာကျော် မီးလောင်ပျက်ဆီးကာ နေအိမ် ၁ ရာဝန်းကျင်သာ ကျန်တော့တယ်လို့ သိရပါတယ်။

ဆယ်ဇင်းရွာခံ လူ ၅ ထောင်ဝန်းကျင်ဟာလည်း တိုက်ပွဲတွေ စဖြစ်တဲ့အချိန်ကစလို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး အဲ့ဒီ ဆယ်ဇင်းရွာထဲမှာ ဘယ်မှ ထွက်ပြေးလို့မရဘဲ ပိတ်မိနေတဲ့ ရွာခံ လူ ၁ ရာဝန်းကျင် ကျန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီရွာကို ဘယ်အဖွဲ့စည်းက မီးရှို့တယ်ဆိုတာ VOM က အတည်ပြုနိုင်တာ မရှိသေးပါဘူး။

Photo- ဆယ်ဇင်းရွာ (ပုံအဟောင်း)
#voiceofmyanmar #VOM #ဆယ်ဇင်းရွာ #တိုက်ပွဲဖြစ် #လူနေအိမ်တွေမီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW