စစ်ကိုင်းမြို့နယ်မှာ လူသတ်၊ လုယက်၊ အိမ်မီးရှို့ခံရလို့ လူ ၃ ဦးသေဆုံး

သြဂုတ် ၊ ၁၁ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ချိုင်ကြီးကျေးရွာမှာ မနေ့ သြဂုတ် ၁၀ ရက် ၊ မနက် ၄ နာရီဝန်းကျင်က မိသားစု ၃ ယောက်ကို သတ်ပြီး အိမ်တွင်းပစ္စည်းတွေ လုယူသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ချိုင်ကြီးရွာမှာ လူသတ်လုယက်မှုဖြစ်တာပါ၊အိပ်ပျော်နေတဲ့ အိမ်ရှင်မိသားစု ၃ ယောက်ကို သတ်ပြီး ရွှေထည်ပစ္စည်း ၊ ပိုက်ဆံ နဲ့ ဖုန်းတွေ လုယူသွားတယ် ၊ သေဆုံးသူတွေကတော့ ဦးသန်းအေး ၊ သူ့ချွေးမ ဒေါ် ခင်စန်းစန်းဌေးနဲ့ သူ့ရဲ့သမီး ကျောင်းသူ မဝတ်မှုံဖူး ၁၅ နှစ်တို့ ၃ ဦးဖြစ်တယ် ” လို့ ဒေသခံပရဟိတသမားတယောက်က ပြောပါတယ်။

အခင်းဖြစ်တဲ့ နေအိမ်နီးဝန်းကျင်မှာရှိတဲ့ လူတွေက ” မနက် ၄ နာရီမထိုးခင်ဆိုတော့ အိပ်ယာမထကြသေးဘူး ၊ သေနတ်သံတွေကြားမှ လန့်နိုးတာပါ ၊ အိမ်ပြင်ကို ချောင်းကြည့်တဲ့အခါ ဦးသန်းအေး အိမ်က မီးစလောင်နေပြီ ၊ နောက်ပြီး အမည်မသိ လူ ၁၀ ယောက်လည်း ထွက်သွားတာကို ​မီးရောင်အောက်မှာမြင်လိုက်ရတယ် ၊ မနက်မိုးလင်းမှ သိရတာက ဦးသန်းအေးတို့ မိသားစု ၃ ယောက် အသတ်ခံရပြီး ပစ္စည်းလုယက် အိမ်မီးရှို့သွားတယ်ဆိုတာ သိရတယ် “လို့ ပြောပါတယ်။

အဲ့ဒီ လူသတ် လုယက် အိမ်မီးရှို့တဲ့ ဖြစ်ပွားမှုကို စစ်ကိုင်းမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

မနေ့ သြဂုတ် ၁၀ ရက်နေ့ ၊ မနက် ၂ နာရီဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့နယ် ၊ ထန်းတောကျေးရွာမှာနေတဲ့ ဦးဖိုးဌေး ၆၅ နှစ်နဲ့ သူ့သား ကိုဇော်နိုင်တို့ ၂ ယောက်တို့ အသတ်ခံရတာလည်း ဖြစ်ခဲ့ပါသေးတယ် ။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW