ဆီဆိုင်မြို့က တိုက်ပွဲရှောင်စခန်းတွေဟာ အမိုးအကာမလုံလောက်မှုကြောင့် ရာသီဥတုဒဏ်ကို ဆိုးရွားစွာခံနေရ

သြဂုတ် ၊ ၁၁ ၊ ၂၀၂၂
SP (VOM)

ရှမ်းပြည်နယ်တောင်ပိုင်း ၊ပအိုင်းအုပ်ချုပ်ခွင့်ဒေသ ၊ ဆီဆိုင်မြို့နယ်ထဲက တိုက်ပွဲရှောင်တွေဟာ အမိုးအကာ မလုံလောက်တာကြောင့် ရာသီဥတုဒဏ်ကို ဆိုးရွားစွာခံနေရတယ်လို့ ဆီဆိုင်မြို့ခံ တိုက်ပွဲရှောင် လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” စစ်ရှောင် ၅ ထောင်ကျော်ရှိတယ် ၊ ယာယီမိုးကာတဲတွေနဲ့ နေထိုင်ရတယ် ၊ ဒီနှစ်က မိုးအဆက်မပြတ်ရွာတော့ သူတို့မှာ ပါလာတဲ့ မိုးကာတွေနဲ့ မလုံလောက်တော့ဘူး ၊ ဆီဆိုင်ဒေသခံတွေက စုပေါင်းပြီး စစ်ရှောင်တွေရဲ့ အခက်အခဲနဲ့ လိုအပ်ချက်ကို ကူညီပေးပေမယ့် လောက်ငှအောင် မတတ်နိုင်တာကြောင့် ကူညီပေးမယ့်သူတွေ လိုအပ်နေတာပါ “လို့ တိုက်ပွဲရှောင်တွေကိုကူညီပေးနေတဲ့ ဆီဆိုင်မြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲဒီစစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကရင်နီပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် ဆီဆိုင်မြို့နယ်ထဲကို ခိုလှုံနေထိုင်ဖို့ထွက်ပြေးတိမ်းရှောင်လာကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

“ဆီဆိုင်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတာ အစက ၇ ထောင်ကျော်တယ် ၊ ၂ ထောင်လောက်က ပြီးခဲ့တဲ့လက နေရပ်ပြန်ကုန်ကြပြီ ၊ လူ ၅ ထောင်ကျော် လက်ရှိကျန်နေခဲ့တယ် ၊ အဲ့ဒီထဲက ၄ ထောင်ကျော်ဟာ နေရပ်မှာ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် မပြန်နိုင်ကြဘူး ၊ ကျန်တဲ့ ၁ ထောင်ဝန်းကျင်က ကျန်းမာရေး မကောင်းတာနဲ့ စားဝတ်နေရေး အဆင်မပြေတာကြောင့် ပြန်လို့မဖြစ်တာပါ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် ဆီဆိုင်မြို့နယ်ထဲက တိုက်ပွဲရှောင် ၅ ထောင်ကျော်ဟာ အမိုးအကာနဲ့ဆေးဝါးမလုံလောက်တာကြောင့် ရာသီဥတုဒဏ်ကို ဆိုးရွားစွာ ခံနေရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဆီဆိုင်မြို့ #တိုက်ပွဲရှောင်စခန်း #ရာသီဥတုဒဏ်ခံနေရ

Related posts

Leave a Comment

VOM News

FREE
VIEW