ဆယ်ဇင်းရွာက တိုက်ပွဲရှောင်တွေ စားသောက်ကုန်နဲ့ အဝတ်အထည် လိုအပ်နေ

သြဂုတ် ၊ ၁၄ ၊ ၂၀၂၂
SP( VOM)

ကချင်းပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဆယ်ဇင်းကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးလာရတဲ့ တိုက်ပွဲရှောင် ၂ ထောင်နီးပါးဟာ လက်တလော အခြေခံစားသောက်ကုန်တွေနဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ဆယ်ဇင်းဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” ဆယ်ဇင်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ပြေးလာရတဲ့သူ လူဦးရေ ၂ ထောင်နီးပါးရှိတယ် ၊ နေရေးအဆင်ပြေမယ့် နေရာတွေမှာ ခိုလှုံနေကြတယ် ၊ စားရေးနဲ့ ဝတ်ရေး အဆင်မပြေတာကြောင့် အခက်တွေ့နေရတာပါ”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အခုလ ၅ ရက်နောက်ပိုင်းကစလို့ ဆယ်ဇင်းရွာဘက်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်းပြေးတိမ်းရှောင်လာရတာ ဖြစ်တယ် ။

အဲ့ဒီလို ထွက်ပြေးလာသူတွေဟာ နီးစပ်ရာ ဘာသာရေး အဆောက်အဦတွေ၊ စာသင်ကျောင်းတွေ နဲ့ နီးစပ်ရာ အသိမိတ်ဆွေတွေရဲ့အိမ်တွေမှာ ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

အခုလို လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ဒေသခံ ပရဟိတသမား တယောက်က” နန့်စပိန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှာက အိမ်ထောင်စု ၂၄ စု ၊ လူဦးရေ ၇၁ ယောက် ၊ တာမခံ နှစ်ခြင်းဘုရားကျောင်းမှာက အိမ်ထောင်စု ၁၈ စု ၊ လူဦးရေ ၅၂ ဦး ၊ တာမခန် အထကကျောင်းမှာက အိမ်ထောင်စု ၊ ၁၈၉ စု ၊ လူဦးရေ ၇၈၂ ယောက် ၊ နတ်ရေတောင်ဘုန်းကြီးကျောင်း မှာက အိမ်ထောင်စု ၄၁ စု ၊ လူဦးရေ ၁၄၉ ယောက် ၊ ခိုမဘုန်းကြီးကျောင်းမှာက အိမ်ထောင်စု ၈၉ စု ၊ လူဦးရေ ၃၅၃ ယောက် ၊ ဟောင်ပါးကျေးရွာ ဘုန်းကြီးကျောင်း (တောင်) မှာက အိမ်ထောင်စု ၁၉ စု ၊ လူဦးရေ ၉၄ ယောက် ၊ ဟောင်ပါးကျေးရွာ ဘုန်းကြီးကျောင်း (မြောက်) ၆၀ ဦး ၊ ရွေတောင်ကျော်ကျေးရွာ အလကကျောင်းမှာက ၉၀ ဦး ၊ နမ္မဖြစ်ဓမ္မာရုံနဲ့ မှော်စီစာဘုန်းကြီးကျောင်း မှာက လူဦးရေ ၂၅၀ ဝန်းကျင်ရှိနေတယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် ဆယ်ဇင်းတိုက်ပွဲကနေ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲရှောင် လူဦးရေ အရေအတွက်ဟာ အိမ်ထောင်စု ၄၁၄ စု ၊ လူဦးရေ ၁၆၅၁ ယောက်ရှိတယ်လို့ ကနဦး စာရင်းတွေအရ သိရပါတယ်။

အခုစာရင်းထဲမှာ မပါသေးဘဲ နီးစပ်ရာ အသိမိတ်ဆွေအိမ်တွေနဲ့ ဆွေမျိုးသားချင်းနေအိမ်တွေမှာ ခိုလှုံနေသူတွေနဲ့ဆိုရင် တိုက်ပွဲရှောင် လူဦးရေ ၂ ထောင်ကျော်မယ်လို့ ဒေသခံ ပရဟိတသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲရှောင်တွေ ခိုလှုံနေတဲ့ ကျေးရွာတွေဘက်မှာ အဆက်မပြတ် မိုးရွာနေတဲ့အတွက် သွားလာရေး အဆင်မပြေတာကြောင့် အဝတ်အထည်တွေ လိုအပ်နေတဲ့အပြင် ဆေးနဲ့ ဆေးပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဆယ်ဇင်းကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပြီး လူနေအိမ် ၄ ရာကျော် မီးရှို့ဖျက်ဆီးခံရတာကြောင့် တိုက်ပွဲရှောင်လာသူ အများစုဟာ အဝတ်အထည် အပိုပါမလာသူ အရေအတွက်များတယ်လို့ သိရပါသေးတယ်။

#voiceofmyanmar #VOM #ဆယ်ဇင်းရွာ #စစ်ရှောင်အခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW