ဟင်္သာတမှာ မောင်းလာတဲ့ဆိုင်ကယ်ပေါ်ကနေ ဗုံးထပေါက်လို့ အမျိုးသား ၂ ဦးသေဆုံး

သြဂုတ်၊၂၁ -၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ၊ ဒူးယားကျေးရွာနဲ့ လက်ပံစုကျေးရွာအနီးမှာ မနေ့ သြဂုတ် ၂၀ရက် ည ၈ နာရီကျော်ခန့်က မောင်းလာတဲ့ ဆိုင်ကယ်ပေါ်ကနေ ဗုံးပေါက်ကွဲမှုဖြစ်ပွားလို့ အမျိုးသား ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဟင်္သာတမြို့ဘက်ကနေမောင်းလာတဲ့ ဆိုင်ကယ် ၁ စီးဟာ ဟင်္သာတမြို့နယ် ၊ ဒူးယားကျေးရွာနဲ့ လက်ပံစု ကျေးရွာအနီး ပေါက်ကွဲမှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသား ၁ ဦးနဲ့ အနောက်ကလိုက်လာတဲ့ အမျိုးသား ၁ ဦးတို့ ဗုံးပေါက်ကွဲတဲ့ အခင်းဖြစ်ပွားရာ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတာလို့သိရပါတယ်။

”အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ ဦး မောင်းလာတဲ့ ဆိုင်ကယ်ကနေ ဗုံးထပေါက်ကွဲတာ ၊
အခင်းဖြစ်ပွားရာနေရာမှာပဲ အမျိုးသား ၂ ဦးပွဲချင်းပြီး သေဆုံးသွားတာ ၊ ဟင်္သာတမြို့ရဲ့အထွက်နားမှာ ပေါက်ကွဲတာ ၊ သေသွားတဲ့ အမျိုးသား ၂ ယောက်က ဘယ်သူတွေဆိုတာတော့ မသိရသေးဘူး ၊ ဆိုင်ကယ် နောက်အဖုံးထဲကနေထ ပေါက်တာ ။”လို့ ဒေသခံတဦးကပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို စစ်တပ်နဲ့ ရဲတွေ ကား၂ စီးနဲ့ရောက်လာပြီး စစ်ဆေးတာတွေပြုလုပ်ကာ ပေါက်ကွဲမှုဖြစ်လို့သေသွားတဲ့ အမျိုးသား ၂ ဦးရဲ့ရုပ်အလောင်းတွေကို သယ်သွားတယ်လို့ သိရပါတယ်။

မြောင်းမြမြို့လယ်ခေါင် မြောင်းမြမြို့မရဲစခန်းရဲ့ အနောက်ဘက် ၊ စိုက်ပျိုးရေးဘဏ်အနီးမှာလည်း သြဂုတ် ၁၉ ရက်ညပိုင်းက ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားလို့ အဆောက်အဦတွေ ပျက်စီးထိခိုက်တာရှိခဲ့ပြီး လူငယ်တချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဟင်္သာတ #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW