သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာကြီး မောင်သစ်လွင်(လူထု)ကွယ်လွန်

သြဂုတ် ၂၁-၂၀၂၂
Voice Of Myanmar

သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာကြီး မောင်သစ်လွင်(လူထု)ဟာ မနေ့ သြဂုတ် ၂၀ရက် ညနေ၄နာရီက မန္တလေးမြို့မှာ ကွယ်လွန်ခဲ့တယ်လို့ စာရေးဆရာအသိုင်းအ၀ိုင်းကနေ သိရပါတယ်။

” ဟုတ်ပါတယ် ဆရာကြီးက မနေ့ကညနေက ကွယ်လွန်သွားပါတယ်၊ စာရေးဆရာတွေရဲ့ လောကအတွက်ရော မန္တလေးအတွက်ပါ အဖိုးတန်တဲ့ဆရာကြီးဖြစ်တဲ့အတွက် အခုလိုဆုံးပါကွယ်လွန်သွားတော့ နှမျှောတသ​ဖြစ်ရပါတယ်”လို့မန္တလေးမြို့ခံစာရေးဆရာက ပြောပါတယ်။

ဆရာကြီး မောင်သစ်လွင်(လူထု)ကို ဒီက​နေ့ သြဂုတ် ၂၁ရက် နေ့လယ် ၂နာရီမှာ အမရပူရမြို့နယ်၊ နန်းတော်ရာစံပြကွက်သစ်၊ မှန်တန်းရပ်ကွက်ရှိ နေအိမ်ကနေ တောင်အင်းမြောက်အင်သုဿာန်သို့ ပို့ဆောင်သင်္ဂြိုဟ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆရာကြီးဟာ ၁၉၃၄ခုနှစ်က ချောက်ရေနံမြေသပိတ်မိဘတွေက မွေးဖွားခဲ့သူဖြစ်ပြီး ဘီအိုစီကဖွင့်ခဲ့တဲ့ မူလတန်ကျောင်းမှာ ပညာသင်ကြားခဲ့သူဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း စစ်ပြေးရင်း စာသင်ခဲ့ရသူဖြစ်ပြီး ၁၉၄၆ ခုနှစ် တပြည်လုံးအထွေထွေသပိတ်မှောက်တဲ့အခါ ကျောင်းသားသမဂ္ဂအနေနဲ့ပါ၀င် လှုပ်ရှားခဲ့သူလည်းဖြစ်ပါတယ်။

၁၉၅၂ ခုနှစ် သွေးသောက်မဂ္ဂဇင်းက ကျင်းပတဲ့ ပထမဆုံး စာညွန့်ပြိုင်ပွဲမှာ သစ်လွင်(ချောက်) ကလောင်အမည်နဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ဒုတိယဆု ရရှိခဲ့ပြီး ၁၉၅၅-၅၆ခုနှစ် သွေးသောက်မဂ္ဂဇင်းမှာ ထင်လတ် ကလောင်အမည်နဲ့ ဝတ္ထုတိုဆောင်းပါးနဲ့ စာညွန့်တွေကို ရေးသားခဲ့သူဖြစ်ပါတယ်။

၁၉၅၇ ခုနှစ်မှာ မန္တလေးမြို့က ထုတ်ဝေတဲ့ လူထုသတင်းစာတိုက်မှာ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြီး လူထုသတင်းစာရပ်ဆိုင်းသွားချိန်အထိ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

ဂျာနယ်နဲ့ သတင်းစာပညာကို လူထုဦးလှ ၊ လူထုဒေါ်အမာ၊ အယ်ဒီတာ သူရ(ရှမ်းပြည်)နဲ့ စာပြင်ဆရာကြီး ဦးလေးဟန်တို့ဆီမှာ သင်ကြားခဲ့ပြီး လူထုသတင်းစာမှာ ခေါင်းကြီး၊ နိုင်ငံတကာရေးရာဆောင်းပါးနဲ့ တခြားဆောင်းပါးတွေကို အခါအားလျော်စွာ ရေးသားခဲ့ပါတယ်။

ဆရာကြီးမောင်သစ်လွင်(လူထု)ဟာ အထက်မြန်မာနိုင်ငံ သတင်းစာဆရာအသင်းနဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းဝင် ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂၀၁၉ -၂၀၂၀ ခုနှစ်အတွက် တစ်သက်တာ သတင်းစာဆရာဆု ဂုဏ်ပြုချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဆရာကြီးမောင်သစ်လွင် (လူထု) ကွယ်လွန်ချိန်ဟာ အသက်(၉၀)အရွယ် ရှိခဲ့ပြီး မကွယ်လွန်ခင်အချိန်ထိ မန္တလေးမြို့၊ အမရပူရမြို့နယ်က နေအိမ်မှာ စာပေပေါင်းများစွာရေးသားခဲ့သူလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဆရာကြီးမောင်သစ်လွင်(လူထု)

Related posts

Leave a Comment

VOM News

FREE
VIEW