မြို့မတူရိယာအသင်းကြိီးရဲ့ တေးရေးဆရာကြီး မြို့မကိုပေါ ကွယ်လွန်

သြဂုတ် ၂၉-၂၀၂၂
Voice Of Myanmar

မန္တလေးမြို့မှာ ထင်ရှားကျော်ကြားတဲ့ မြို့မတူရိယာအသင်းကြီးရဲ့ တေးရေးဆရာ ဂီတစာဆို မြို့မကိုပေါဟာ မနေ့သြဂုတ် ၂၈ရက် ည၁၂ထိုးခံနီးအချိန်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မန္တလေးစာပေအသိုင်းအ၀ိုင်းကနေ သိရပါတယ်။

အသက်၉၅ နှစ်အရွယ် ဆရာကြီးမြို့မကိုပေါဟာ နှလုံးရောဂါအခံရှိသူဖြစ်ပြီး သြဂုတ်လပိုင်းအတွင်းကပဲ နေအိမ်အတွင်း စန္ဒယားတီးပြီး ထိုင်ရာကနေ ထရာမှ ချော်လဲကာ ပေါင်ကျိုးခဲ့တယ်လို့ သိရပါတယ်။

ပေါင်ကျိုးပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေ ဆိုးရွားလာပြီး ဆေးကုသမှုခံယူနေရင်း မန္တလေးမြို့၊ ပုလင်းဝင်းရပ်က နေအိမ်မှာပဲ မနေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မြို့မကိုပေါကို မြန်မာသက္ကရာဇ် ၁၂၈၉ခုနှစ်မှာ အဖ ဦးပေါ်၊ အမိ ဒေါ်လှ တို့က မန္တလေး၊ ဒါးတန်းရပ်မှာ မွေးဖွားခဲ့ပြီး အမည်ရင်းက ဦးကျော်စိုးဖြစ်ပါတယ်။

အသက် ၂၄-နှစ်အရွယ်မှာ မြို့မတူရိယာဝိုင်းအတွင်း ဆက်ဆိုဖုန်း မှုတ်သူအဖြစ်မှ ဂီတလောကကို ရောက်ရှိခဲ့ပါတယ်။

မန္တလေးရုပ်ရှင်ခေတ် ကင်မရာဆရာဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၄၉-ခုနှစ်မှာ သီချင်းတွေ စတင်ရေးသားခဲ့သလို ၁၉၆၁-ခုနှစ်မှာ ကိုယ်ပိုင်မေတ္တာဇာတ်ကား နဲ့ ဓာတ်ပုံထူးချွန်ဆုကို ဦးလူကလေးနဲ့ ပူးတွဲရရှိခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၈၅ခုနှစ် သင်္ကြန်မိုး ရုပ်ရှင်ကားကြီးထဲက နှစ်ကိုယ်တူ ချစ်သမျှ သီချင်းနဲ့ ၁၉၉၁ခုနှစ် ဒဏ္ဍာရီ ရုပ်ရှင်ကားမှ အောင်ဇေ မင်္ဂလာ သီချင်းတွေဟာ မြို့မကိုပေါရဲ့ အထူးထင်ရှားခဲ့တဲ့ သီချင်တွေပဲဖြစ်ပါတယ်။

၂ဝ၁၇ ဖေဖော်ဝါရီလထဲမှာတော့ မြို့မတူရိယာအသင်းကြီးအကြောင်းနဲ့ အနုပညာသက်တမ်းတလျှောက် ကိုယ်တွေ့ ကြုံတွေ့ခဲ့ရတာတွေကို ရေးသားထားတဲ့ ” အတိတ်လမ်းသို့ အလွမ်းပြေ”စာအုပ်ကို ထုတ်ဝေခဲ့ပါသေးတယ်။

မြို့မကိုပေါရဲ့ အခြားထင်းရှားတဲ့ သီချင်းတွေကတော့ ချစ်အာရုံ၊ ပန်းမျိုးတရာ၊ နှုတ်ခွန်းဆက်သင်္ကြန်၊ ချစ်သူနဲ့သာဆိုပါရင်၊ ချစ်ကမ္ဘာထဲ နှစ်ယောက်ထဲ၊ မောင်မယ်တို့နှစ်ဦး၊ မခွဲတမ်းကြင်မယ် စတဲ့ မြန်မာသံစဉ်သီချင်းတွေမှာလည်း ထင်ရှားခဲ့တာဖြစ်ပါတယ်။

Photo – မန္တလေးအဘိဓာန်
#voiceofmyanmar #VOM #မန္တလေး #မြို့မကိုပေါကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW