မြောက်ဦးနယ်အတွင်း လက်နက်ကြီးကျလို့ ၅နှစ်အရွယ်ကလေးတဦးအပါအ၀င် လူ၃ ဦးသေဆုံးပြီး ဒေသခံတွေထွက်ပြေးနေရ

ဩဂုတ် ၂၉- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ မနေ့ဩဂုတ်လ ၂၈ ရက် ညနေပိုင်းက တပ်နဲ့ အေအေတို့ ရုတ်တရက်ထိတွေ့တိုက်ပွဲ မိနစ်အနည်းငယ်ကြာဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း ရပ်ရွာတွေအတွင်းကို လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိ​ခဲ့တယ်လို့ ဒေသခံတွေဆီကနေ ​သိရပါတယ်။

သေဆုံးသူတွေဟာ မြောက်ဦးမြို့အနောက်ဘက် ၁ မိုင်ခွဲလောက်အကွာမှာရှိတဲ့ ကင်းဆိပ်ကျေးရွာက အသက်(၅) နှစ်အရွယ်ကလေးတဦး၊ အသက်(၆၆) အရွယ် အမျိုးသမီးတဦးနဲ့ အသက် (၄၀) ကျော်အရွယ် အမျိုးသားတဦးတို့သေဆုံးကာ ဒဏ်ရာရသူတွေကတော့ ကင်းဆိပ်ရွာက (၇) ဦး၊ မြောက်ဦးမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေက ဘုန်းကြီးတပါးအပါအဝင် ကိုရင်(၄)ပါးနဲ့ ဘုန်းကြီးကျောင်းဝေယာဝစ္စလုပ်နေတဲ့ အမျိုးသားတဦးတို့ ဖြစ်​တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ကင်းဆိပ်ကျေးရွာက ဒေါ်အေးနုယဉ်(၆၆)နှစ်မှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားကာ အသက် (၅) နှစ်အရွယ် မောင်မြတ်သူလင်း ကတော့ မနေ့က ဆေးရုံမှာ သေဆုံးသွားပြီး အသက် (၄၀)ကျော်အရွယ် ဦးလှမောင်သိန်းကတော့ ဒီကနေ့မနက်ပိုင်း မြောက်ဦးဆေးရုံမှာ ကုသမှုခံယူနေချိန် သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

မနေ့ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်က မြောက်ဦးမြို့နယ် လက္ကာကျေးရွာ စစ်တွေ- ရန်ကုန်ကားလမ်း လက္ကာတံတားအနီးမှာ တပ်နဲ့ အေအေတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အခုလိုမျိုး အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာတွေကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲ လာတာဖြစ်​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဖြစ်တဲ့နေရာက ရန်ကုန်- စစ်တွေကားလမ်း ကျနော်တို့ရွာနဲ့ဆိုရင် တစ်မိုင်ခွဲလောက်ပဲ ဝေးကွာပါတယ်။ ဖြစ်တာကတော့ အဲ့ဒီနားမှာဖြစ်တာ။ မြောက်ဦးကလည်း လက်နက်ကြီးနဲ့ပစ်တယ်။ အဲဒီမှာ သင်းကျပ်တောင်ပေါ်က တပ်အဖွဲ့တွေလည်းဆင်းတယ်။ တိမ်ညိုရွာဘက်ကလာတဲ့ လင်းမြွေတောင်ပေါ်က အဖွဲ့တွေလည်း ဆင်းတယ်။ အဲဒီမှာ သူတို့ကဆုံကြတဲ့အခါ တိုက်ပွဲဖြစ်တာ”လို့ မြောက်ဦးမြို့နယ်၊ ပီပင်ရင်းကျေးရွာဒေသခံတဦးကပြောပါတယ်။

ဒီကနေ့ ဩဂုတ်လ ၂၉ ရက်နေ့မှာတော့ ပစ်ခတ်သံတွေမကြားရသေးပေမယ့် စစ်သားတွေရှိနေသေးတာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို လူထုအနေနဲ့ စိုးရိမ်နေကြတယ်လို့ ပီပင်ရင်းကျေးရွာဒေသခံက ပြောပါတယ်။

မနေ့ လက္ကာတံတားအနီး တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးကျည်တွေ ရပ်ရွာတွေအတွင်း ကျရောက်ပေါက်ကွဲမှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာလည်း ဘေးလွှတ်ကင်းရာသို့ ထွက်ပြေးနေကြတယ်လို့လည်း ဝေသာလီကျေးရွာက ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“ ဖြစ်တာက ဘူးရွက်မညိုးနဲ့ လက္ကာဘက်မှာ ဖြစ်တာကို ပစ်တဲ့အခါ ကျမတို့ရွာကိုပဲ ပစ်တယ်။ ဘုန်းကြီးကျောင်းမှာလည်း လှေကားတွေ အားလုံးပြိုပျက်သွားတယ်။ စာသင်ကျောင်းမှာဆိုရင် ရေတိုင်ကီတွေ ပေါက်သွားတယ်။ ရွာက အိမ်တွေမှာလည်း မှန်တွေကွဲ၊ ခေါင်မိုးတွေပေါက်ပြီးတော့ အိုးခွက်တွေပျက်စီးသွားတယ်။ ကြက်နှစ်ကောင်လည်း လည်ပင်ပြတ်ပြီးသေသွားတယ်လို့ ကြားတယ်”လို့ သူကပြောပါတယ်။

မနေ့က လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဝေသာလီ၊ ပေါက်တောပြင်၊ ဘူးရွက်မညိုး၊ လက္ကာ၊ အောက်သားကန်၊ အုတ်ဖိုကန်နဲ့ ကင်းဆိပ် စတဲ့ ကျေးရွာ(၇) ရွာက ဒေသခံတွေ ဘေးကင်းနိုင်တယ်လို့ ယူဆတဲ့ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပစ်သံခတ်သံတွေ မကြားရတော့ဘူး။ အခြေအနေကတော့ တင်းမာနေတယ်။ လူထုတွေကတော့ ကိုယ့်ရွာကိုယ့်နေရပ်ကိုတော့ မသွားရဲကြသေးဘူး။ ထွက်ပြေးတာတွေကတော့ တိုက်ပွဲ ဧရိယာက ဒေသခံတွေထွက်ပြေးကြတာ။” လို့ ပီပင်ရင်းကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသတွေမှာ အခုရက်ပိုင်းအတွင်း တပ်နဲ့ အေအေတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ ပိုမိုများပြားလာတာကိုတွေ့ရပြီး မောင်တော၊ မြောက်ဦး၊ ရသေ့တောင်၊ ပလက်ဝ စတဲ့ မြို့နယ်တွေမှာ စစ်ရေးတင်းမာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီလို စစ်ရေးတင်းမာမှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ရပ်ရွာတွေကို စွန့်ခွာထွက်ပြေးနေကြပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ရင်ဆိုင်နေရ​တယ်လို့လည်း သိရပါတယ်။

ပုံစာ – ကင်းဆိပ်ရွာခံတွေ မြို့ပေါ်ကိုထွက်ပြေးလာစဥ်
Photoo- Khine Murn Shurn(Facebook)
#voiceofmyanmar #VOM #မြောက်ဦး #လက်နက်ကြီးကျ #လူသေဆုံး #ထွက်ပြေးနေရ

Related posts

Leave a Comment

VOM News

FREE
VIEW