လှိုင်းဘွဲ့မြို့နယ်မှာ ရွှေဆိုင်၂ဆိုင်ဓားပြတိုက်ခံရပြီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းနဲ့ငွေသားတွေပါသွား

စက်တင်ဘာ ၁-၂၀၂၂
VOM (GG)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းရွာ၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာဖွင့်ထားတဲ့ ထွန်း ရွှေဆိုင်နဲ့ သရဖူ ရွှေဆိုင် ၂ဆိုင် ဓားပြတိုက်ခံရပြီး ငွေ သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေ လုယက်ယူဆောင်သွားမှု မနေ့ ဩဂုတ် ၃၁ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က မနက် ၉ နာရီကျော်လောက်မှာ သေနတ်ကိုင်ထားတဲ့လူတွေရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ဆိုင်အတွင်းရှိ ရွှေထည့်ထားတဲ့မှန်ဘောင်ကိုရိုက်ခွဲကာ ရွှေထည်ပစ္စည်းနဲ့ ဆိုင်ရှိငွေသားအချို့ပါယူဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

” သေနတ်သံကြားတော့ အားလုံးဘုန်းကြီးကျောင်းထဲဝင်ပြေးကြတာပဲ၊ ကျွန်တော်လည်း ဝင်ပြေးတာ ဘုန်းကြီးကျောင်းထဲ၊ ဆိုင်တောင်မပိတ်ခဲ့ဘူး။ သေနတ်ပစ်သံတွေကတော့ အချက်ရေများတယ် ။ ရွှေဆိုင်၂ခု ကနေ ရွှေ ၂၀သားလောက်ပါသွားတယ်ကြားတယ်။ လူထိခိုက်တာမျိုးတော့မကြားမိဘူး ” လို့ ဒေသခံတဦးကပြောပါတယ်။

ဓားပြတိုက်သူတွေဟာ ဆိပ်ကမ်းကနေ စက်လှေနဲ့ရောက်လာပြီး ရွှေဆိုင်တွေကိုသေနတ်ပစ်ဖောက် ဓားပြတိုက်သွားကာ ရွှေတွေရယူပြီးနောက် စက်လှေနဲ့ပဲ ပြန်ထွက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

” သရဖူရွှေဆိုင်ကို အရင်တိုက်တာ။အဲ့ဒီကို ဓားပြတိုက်နေရင်းမှ ထွန်းရွှေဆိုင်ကို လူခွဲသွားပြီး ထပ်လုတာဆိုတော့ သရဖူဆိုင်က ရွှေပါတာများတယ်။ထွန်းကတော့ နည်းတယ်လို့ကြားတယ် ” လို့ နောက်ထပ်ဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာ ရွှေဆိုင် ဓားပြတိုက်သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ၊ ဆိုင်ပတ်ဝန်းကျင်အနီးကနေ လက်လုပ်ဗုံး၂ခုကို သိမ်းဆည်းရမိခဲ့ပြီး တာဝန်ရှိသူတွေကတော့ ဖမ်းဆီးနိုင်ရေး စစ်ဆေးရှာဖွေတာတွေလုပ်နေတယ်လို့သိရပါတယ်။

ရွှေဂွန်းရွာမှာ ရွှေဆိုင်တွေ ဓားပြတိုက်ခံရတာဟာ ပထမဆုံးဖြစ်စဥ် ဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #လှိုင်းဘွဲ့ #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW