ပလက်၀က တိုက်ပွဲရှောင်သူ ၅ ရာကျော် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ရောက်ရှိနေ

စက်တင်ဘာ ၃-၂၀၂၂
SP(VOM)

ချင်းပြည်နယ်တောင်ပိုင်း ၊ ပလက်ဝမြို့နယ် ၊ မိတ်ဝကျေးရွာဘက်မှာ အခုလ ၁ ရက်နေ့ကစလို့ တပ်နဲ့ အေအေတို့ရဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး လေကြောင်းပစ်ခတ်တာတွေရှိလာတဲ့အတွက် မိတ်ဝကျေးရွာဘက်က ဒေသခံတွေဟာ မနေ့ စက်တင်ဘာ ၂ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လှောင်တလိုင်ခရိုင်ထဲက ကျေးရွာတွေကို တိုက်ပွဲရှောင်ဖို့ ရောက်လာတယ်လို့ မီဇိုရမ်ပြည်နယ် တိုက်ပွဲရှောင်ကူညီထောက်ပံ့နေတဲ့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က လှောင်တလိုင်ခရိုင်ထဲကို မြန်မာစစ်ရှောင် ၅၆၄ ဦးရောက်လာတယ် ၊ လတ်တလော သူတို့ စားဝတ်နေရေးအတွက် Yong Lai Association အရပ်ဖက်အဖွဲအစည်း လူမှုကူညီရေးအဖွဲ့က ဆန် ၅၅ အိတ် ကူညီပေးထားတယ် ၊ ဟိုအရင်နှစ်တွေက ပလက်ဝနယ်ဘက်မှာ တိုက်ပွဲဖြစ်ရင် ပလက်ဝမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ ခိုလှုံကြတယ် ၊ အခုတလော ပလက်ဝမှာ ရေလမ်းကြောင်းနဲ့ ကုန်းလမ်းကြောင်းတွေ ပိတ်ခံထားရတာကြောင့် စားဝတ်နေရေး အဆင်မပြေမကြဘူး ၊ အဲ့ဒါကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ကူးပြောင်း ခိုလှုံလာတာဖြစ်တယ် ” လို့ မီဇိုရမ်ပြည်နယ်ရောက် တိုက်ပွဲရှောင်တွေကို ကူညီပေးနေတဲ့ ဒေသခံပရဟိတသမားတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ပလက်ဝမြို့နယ်နားမှာ တပ်နဲ့အေအေတို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် အဘောင်သားကျေးရွာက ဒေသခံ ၅ ရာကျော်ဟာ ပလက်ဝမြို့ပေါ်က တိုက်ပွဲရှောင် စခန်းတွေဆီ ဝင်ရောက် ခိုလှုံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” တိုက်ပွဲရက်က ကြာလာနိုင်တယ် ၊ အဲ့ဒီတော့ကျန်းမာရေး နဲ့ ကလေးတွေပညာရေးကိစ္စမှာ ပလက်ဝမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ နေရတာထက်စာရင် လှောင်တလိုင်ဘက်မှာက ပိုအဆင်ပြေမယ်လို့ ယူဆတာကြောင့် လှောင်တလိုင်ကို ရောက်လာတာဖြစ်တယ် “လို့ ပလက်ဝမြို့နယ် မိတ်ဝကျေးရွာက တိုက်ပွဲရှောင်တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၈ လတာ ကာလအတွင်းမှာ မြန်မာဘက်ကနေ မီဇိုရမ်ပြည်နယ်ဘက်ကို တိုက်ပွဲရှောင်ဖို့အတွက် ဝင်ရောက်ခိုလှုံလာသူ ၃ သောင်းကျော်အထိရှိပြီး သူတို့အားလုံးကို မြန်မာ-အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ဒေသက ခရိုင်ကူညီရေးစခန်းတွေမှာ စောင့်ရှောက်ထားတယ်လို့ မီဇိုရမ်ပြည်နယ်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ပလက်၀ #တိုက်ပွဲရှောင်၅ရာကျော် #မီဇိုရမ်ပြည်နယ်ထဲရောက်နေ

Related posts

Leave a Comment

VOM News

FREE
VIEW