နစက က ရွှေဒင်္ဂါးပြား တကျပ်သားကို ပြင်ပ ရွှေပေါက်စျေး ၂၉ သိန်း ၅သောင်းနဲ့ စတင်ရောင်းချ

စက်တင်ဘာ ၅-၂၀၂၂
VOM(GG)

ရွှေဒင်္ဂါးပြားတွေကို တကျပ်သား၂၉ သိန်း ၅ သောင်းနဲ့ ဒီနေ့ စက်တင်ဘာလ ၅ ရက်နေ့ နေပြည်တော်က ကျောက်မျက်ရတနာပြတိုက်မှာ ရောင်းချပေးနေတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ သိရပါတယ်။

နစက က ထုတ်ရောင်းတဲ့ ဒင်္ဂါးပြားတကျပ်သားစျေးနူန်းဟာ ပြင်ပပေါက်စျေးနဲ့ တူနေပြီး YGEA ​သတ်မှတ်စျေးနဲ့ ၉ သိန်းကျာ်ကွာဟနေပါတယ်။

YGEA က ဒီနေ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်တဲ့အခေါက်ရွှေစျေးက တကျပ်သားကိုမှ သိန်း ၂၀ နဲ့ ၆ ထောင်သာဖြစ်ပြီး ကမ္ဘာ့ရွေစျေးက 1 Ounce ကို 1710 ရှိပါတယ်။

” ထုတ်ရောင်းပေးတော့လည်း ပြင်ပကဖြစ်နေတဲ့စျေးနဲ့ တတန်းထဲပဲ။ အဲ့ဒီတော့ ရွှေစျေးတက်တာကို ထိန်းတာမဟုတ်တော့ဘူးလေ။ ပြင်ပတက်နေတဲ့စျေးကို သူတို့က အတည်ပြုလိုက်သလိုဖြစ်နေတယ်။ YGEA ကထုတ်ပြန်နေတဲ့စျေးနဲ့ ၉ သိန်းကျော်တောင် ကွာတယ် “လို့ ရွှေလုပ်ငန်းရှင်တဦးကပြောပါတယ်။

YGEA တာဝန်ရှိသူတဦးကတော့ သူတို့ YGEA အသင်းက နေ့စဥ်သတ်မှတ်ထုတ်ပြန်တဲ့ရွှေစျေးက အခြေခံရည်ညွန်းစျေး ကြမ်းခင်းစျေးသာဖြစ်ကြောင်း၊ အဲ့ဒီစျေးထက် လျှော့ရောင်းတာ လုပ်လို့မရပေမယ့် အဲ့ဒီစျေးထက် ပိုတင်ပြီးရောင်းချနိုင်တယ်လို့လည်း ပြောပါတယ် ။

တကျပ်သား ၂၉ သိန်း ၅ သောင်းစျေးနူန်းဟာ ကမ္ဘာ့ရွှေစျေးပေါ်အခြေခံပြီး တွက်ချက်ထားတာဖြစ်ကြောင်း ၊ မှတ်ပုံတင်ပြပြီး လူတိုင်းဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။

“ဒီနေ့ စရောင်းတယ်၊ပြည်သူတဦးကို မှတ်ပုံတင်ပြပြီးတော့ ရွှေဒင်္ဂါးတပြားရောင်းမှာပေါ့။ စျေးကတော့ ကမ္ဘာ့စျေးကိုအခြေခံပြီးတော့ တွက်ချက်ထားတဲ့စျေးနူန်းပေါ့၊ ပြည်သူတွေလည်း ဝယ်ယူသုံးစွဲနိုင်မယ့်အနေအထားဖြစ်အောင် တကယ်ဝယ်ယူသုံးစွဲနိုင်အောင်ပေါ့၊ အဲ့ဒီလူအတွက် ရောင်းပေးမှာကတော့ ကမ္ဘာ့စျေးကိုအခြေခံပြီးတွက်ချက်ထားတဲ့ တကျပ်သားကို ၂၉ သိန်း၅သောင်းနဲ့ရောင်းပေးမှာ။တမတ်သားကို ယူမယ်ဆိုရင်တော့ ၄ နဲ့စားပေါ့။၅ မူးသားဆို ၂ နဲ့စားပေါ့။ မှတ်ပုံတင်ပြမယ်ဆိုရတယ်။ပြည်သူတိုင်းရတယ်”လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။

လက်ရှိမှာတော့ နစကက ရွှေတကျပ်သား၊ ငါးမူးသားနဲ့ တမတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေရောင်းချပေးနေတာဖြစ်ပြီး ရောင်းချပေးနေတဲ့ ဒင်္ဂါးပြားတွေက ၂၀၁၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ဒင်္ဂါးပြားဖြစ်တယ်လို့သိရပါတယ်။

လောလောဆယ်မှာတော့ နေပြည်တော် တနေရာထဲမှာသာ စတင်ရောင်းချပေးနေတာဖြစ်ပေမယ့် ရန်ကုန် နဲ့ မန္တလေးမှာလည်း ထပ်မံရောင်းချသွားဖို့အစီအစဥ်ရှိတယ်လို့ သိရပါတယ်။

ရွှေတကျပ်သား၊ ငါးမူးသားနဲ့ တမတ်သားအလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့မှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြခန်းတွေမှာ ရောင်းချပေးမယ်လို့ အခုစက်တင်ဘာ ၁ ရက်နေ့မှာ နစက က ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #နစက #ရွှေဒင်္ဂါး #ပြင်ပရွှေပေါက်စျေးနဲ့ရောင်းချ

Related posts

Leave a Comment

VOM News

FREE
VIEW