သုံးပွင့်ဆိုင်

ဆူးငှက်

မန္တလေးမှာက ရတနာနေပြည်တော် စတင်ထူထောင်ကတည်းက လုပ်ငန်းအစုအဖွဲ့များအလိုက် ရပ်ကွက်များသက်မှတ်ခဲ့ကြသည်။အဆိုပါ အရပ်များစွာအနက် မျက်ပါးရပ်က ထင်ရှားသည်။ မျက်ပါးဆိုတာ ကမ္ဘာ၌မြန်မာတစ်ဦးတည်းသာ လုပ်ကိုင်သည့် ရွှေခတ်ခြင်းလုပ်ငန်းနှင့် ဆက်စပ်သည်။

ရွှေခတ်သည်ဆိုသည်မှာ ရွှေတုံးရွှေခဲကလေးကို အပါးလွှာဆုံးဖြစ်အောင် တူဖြင့် အချက်ပေါင်းများစွာ ထုနှက်၍ စိတ်ရှည် လက်ရှည်ပြုလုပ်ရသော လုပ်ငန်းဖြစ်သည်။ အဆိုပါ ရွှေချပ်ကလေးကို ရွှေဆိုင်းဟုခေါ်သည်။ ရွှေဆိုင်းက ဘုရားရွှေချရာတွင် လည်းကောင်း၊ မှန်စီရွှေချလုပ်ကိုင်တို့မှာ အသုံးပြုသည်။ ရှေးယခင်က ရှင်ဘုရင်တို့၏ မင်းခမ်းမင်းနားဆိုင်ရာ အဆောက်အဦး၊ အသုံးအဆောင်ပစ္စည်းများတွင် မှန်စီရွှေချကို အသုံးပြုကြသည်။ ထို့ပြင် ဗုဒ္ဓဘာသာဆိုင်ရာ ဘုရားစင်တုတော်များ၊စေတီပုထိုးများ၊ သာသနိက အဆောက်အဦးများတွင်လည်း ရွှေပိန်းချခြင်း၊မှန်စီရွှေချပြုလုပ်ခြင်းများဆောင်ရွက်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

မျက်ပါးရပ်နှင့် ဆက်နွယ်ပြီး မြောက်ဘက်နားမှာ ရပ်ကွက်တစ်ခုရှိပါသေးသည်။ စာတိုက်တန်းဟုခေါ်သည်။ အသံထွက်ကို ဇတိုက်တန်းဟုပဲ ခေါ်ကြ၏။ ယခု ၈၁လမ်း၊၃၃လမ်းနှင့် ၃၄လမ်းကြားနေရာတစ်ဝိုက်ဖြစ်သည်။ ဘုရားဆင်းတုတော်များ ကိန်းဝပ်သည့် ကျောင်းဆောင်များနှင့်အတူ ရှေးက ဘာသာရေးဆိုင်ရာ ကျမ်းစာ၊ပေပုရပိုက်များ ထည့်သွင်းသိမ်းဆည်းသော သေတ္တာကြီးများပြုလုပ်သည့်နေရာဖြစ်သည်။ အဆိုပါသေတ္တာကြီးများကို ကျမ်းစာများထည့်သည့်နေရာမို့ “စာတိုက်“ ဟုခေါ်ကြရာမှ ထိုနေရာကို စာတိုက်တန်းဟု သုံးနှုန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ သေတ္တာကြီးများ၏ မျက်နှာပြင်လးမျက်နှာအပြင် အဖုံးပေါ်အထိ သားရိုးများဖြင့် ဇာတ်ကြီးဆယ်ဘွဲ့လာ ဇာတ်တော် ဇာတ်ကွက်များ ဗုဒ္ဓဝင်ဇာတ်လမ်းများကို တန်ဆာဆင်သည်။ အဆိုပါ ဇာတ်ကွက်များကို ရွှေပိန်းချခြင်းဖြစ်စေ၊ရွှေအစစ်နှင့် မှန်စီရွှေချပြုလုပ်၍ဖြစ်စေ၊ လှူဒါန်းလေ့ရှိသည်။

သို့သော် မြန်မာပြည်၌ စာအုပ်ဟူ၍ပေါ်လာပြီးနာက် စာတိုက်များလည်းပြုလုပ်လှူဒါန်းမှု မရှိသလောက် နည်းပါးကုန်ပြီ။ယခုအခါ ပိဋကတ်သုံးပုံ စီဒီရွှန်တို့ ပါဠိမြန်မာအဘိဓာန် အိတ်ဆာင်ကွန်ပျူတာတို့ ဆိုတာတွေပေါ်လာတော့ နောင်တစ်ချိန် စာအုပ်တောင် လိုကြတော့မှာမဟုတ်။အခုတော့ စာတိုက်တန်း ဆိုတာ လုပ်ငန်းပါမရှိရုံမက နာမည်ကိုပါ သိရှိသူ နည်းပါးသွားချေပြီ။

မျက်ပါးရပ်၏ အရှေ့ဘက်အလမ်း လမ်းဘေးဝဲယာကိုတော့ ပရိဘောဂတန်းဟုလည်းခေါ်ကြသည်။ ယခုထက်ထိ ထိုနေရာမှာ ပရိဘောဂတွေ ထုတ်လုပ်ရောင်းချနေဆဲဖြစ်သည်။ ပရိဘောဂတန်းမှာလည်း ရောင်းချသောပစ္စည်းများကို ကြည့်၍ မန္တလေး ၏ စီးပွားရေးဦးဆောင်မှုကဏ္ဍကိုသာမက တိုင်းပြည်၏ စီးပွားရေးဦးဆောင်မှုအနေအထားများကိုပါ တစေ့တဆောင်းလေ့လာသိရှိနိုင်သည်။မူလက မျက်ပါးရပ် ပရိဘောဂတန်းမှာ မြန်မာအိမ်များတွင်အများဆုံးတွေ့ရသော ရသေ့ကျောင်းခုံရှည်များ၊ ကုတင်များ၊ ဗီရိုများ၊ထိုင်ခုံများသာ ရောင်းချသည်။ပုံစံများကလည်း ခပ်ရိုးရိုးမြန်မာပုံစံများပဲဖြစ်သည်။တတ်နိုင်သည့် အိမ်များတွင် အသုံးပြုသော ဆက်တီ၊စားပွဲ ဆိုသည်မှာလည်း ရှားရှားပါးပါး ခင်းကျင်းရောင်းချသည်။ ပုံစံက သာမာန်မျှ…..။

၂၀၀၀ခုနှစ် ဒီဘက်ပိုင်း မန္တလေးအေလမ်းက ပရိဘောဂတန်းမှာ ပရိဘောဂပစ္စည်းတိုင်းလိုလိုတရုတ်နဂါးတွေ၊ ဇာမဏီငှက်တွေ၊ မင်္ဂလာအမှတ်အသားတရုတ်စာတန်းတွေ ဗုန်းပေါလအောတွေ့လာသည်။ ဆက်တီကြီးတွေဆိုလျှင် တရုတ်နဂါးကြီးနှစ်ကောင်က လက်ရန်းမှသည် ကျောမှီအထိ အမောက်ထောင်မာန်ဖီလို့၊ နှစ်ယောက်အိပ် ကုတင်ကြီးဆိုလျှင် ခေါင်းရင်းမှာ မင်္ဂလာဟူသော တရုတ်စာလုံးကို ချန်ရံပြီး ငှက်သွင်ပျံကြွမတတ်သော်….ဇာမဏီ ငှက်ကြီးမူးပျော်လို့။ မည်သည့် ပစ္စည်းမဆို တရုတ်နဂါးပါမှ၊ ဇာမဏီငှက် ပါမှ ရောင်းတန်းဝင်တော့သည်။ မန္တလေးမှာ တရုတ်စာတတ်ဖို့ အရေးကြီးသည်။ အရပ်ထဲ၊ပြလမ်းထဲ တရုတ်မိသားစုရောက်လာမှ လျှပ်စစ်မီးမှန်သည်။ လမ်းကောင်းသည်။ ရေမှန်မှန်လာသည်။ အရပ်ထဲ၊ပြလမ်းထဲ တရုတ်သူဌေးရောက်လာဖို့ ပွဲထိုးရသည်။ ယတြာချေ ရသည်။ ကနားပေးရသည်။ သည်တော့လည်း အေလမ်းပရိဘောဂတန်းမှာ တရုတ်နဂါးတွေမြူးကြွနေတာမဆန်း။

တကယ်တော့ မန္တလေးမှာ အရှေ့မြောက်အရပ်က ဆွေမျိုးပေါက်ဖော်တွေ ခုမှရာက်လာတော့မဟုတ်။ မြို့တည်နန်းတည်ကတည်းက မင်းတုန်းမင်းကြီးကိုယ်တိုင် သူတို့ကိုဖိတ်ခေါ်နေရာပေး၍ မြှောက်စားခဲ့သည်။တခြားမကြည့်ပါနှင့် အေလမ်းဘေးမှာကိုပဲ တရုတ်လူမျိုးများ၏ ပန်းသေးဗလီမှာ မန္တလေးမြို့တည်သည်နှင့်အမျှ သက်တမ်းထပ်တူနည်းပါးလိုက်သည့် သက်တော်ရှည် ရှေးဟောင်းဗလီကြီးဖြစ်သည်။ အေလမ်းမှ လမ်း၈၀အတိုင်း တောင်သို့ သွားလျှင် တာရဲတန်းဟုခေါ်သော ရပ်ကွက်ကိုက ပန်းသေးတရုတ်လူမျိုးများနှင့် ဆက်စပ်နေသည်။ မင်းတုန်းမင်းခေတ်က ပန်းသေးတရုတ်လူမျိုး အမှုတော်ထမ်း ဗိုလ်စွန်တာရဲဆိုတာ အထင်အရှားရှိခဲ့ဖူးသည်။ ပန်းသေးဗလီကို ၁၂၃၀ ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။ အကွက်အမှတ် ၆၄၅၊၃၅လမ်းနှင့် ၃၆လမ်းကြား၊ ၇၉ လမ်းနှင့် လမ်း၈၀ကြား တည်ရှိသည်။

အမြော်အမြင်ကြီးသော မင်းတုန်းမင်းဟု ဆိုရလေမည်လားမသိ။အလမ်းပေါ်မှာပင် ပန်းသေးတရုတ်များ ခေါ်ယူမြှောက် စားသကဲ့သို့ အေလမ်းပေါ်မှာပင် အစ္စလမ်ဘာသာဝင် ပသီလူမျိုးများကိုပင် ဘုရင့်မင်္ဂလာအမြောက်တပ်၌ အမှုထမ်းစေခဲ့၏။ မင်းတုန်းမင်းလက်ထက် ထွက်တော်မူကြီးအခမ်းအနားများတွင်လည်း အဆိုပါ အမြောက်တပ်က အထူးတလည် ပါဝင်ထမ်းရွက်ရသည်။ အမြောက်တပ် ပသီအမှုထမ်းများအား ရွှေနန်းတော်မှ လစဉ်ချီးမြှင့်ပေးသနားသည်။ အေလမ်းဘေး စင်္ကြာနွယ်စဉ်ရပ်ရှိ အမြောက်တပ်တွင် စင်္ကြာအမြောက်ဗိုလ်ဟာရှင်နှင့် အမြောက်အမှုထမ်း ၁၁၃ယောက်နှင့် တစ်တပ်၊မင်္ဂလာအမြောက်တပ် ဆူးလေကုန်းဗိုလ် ငမောင်နှင့် အမှုထမ်း ၁၁၃ယောက်ပါ တစ်တပ်၊ မင်္ဂလာအမြောက် ဗုံအိုးဗိုလ် ငရောက်နှင့် အမှုထမ်း ၂၂၃ယောက်ပါ တစ်တပ် နှင့် အမြောက်တပ် လေးတပ်ရှိသည်ဟု မှတ်သားရသည်။

၇၅လမ်း၊၇၄လမ်းနှင့် ၃၇လမ်း၊၃၈၇၈လမ်းကြား အကွက် ၆၇၄မှာ ဆူးလေဗလီ တည်ရှိသည်။ ထိုနေရာတွင် ဆူးလေကုန်း အမြောက်တပ်သားများနေထိုင်ကြသည်။ ၇၅လမ်း၊၇၄လမ်းနှင့် ၃၆လမ်း၊၃၇လမ်းကြား အကွက် ၆၇၇တွင် မင်္ဂလာအလယ်ဗလီတည်ရှိသည်။ မင်္ဂလာအမြောက်တပ်သား စစ်မှုထမ်းများ နေထိုင်ကြသည်။ ၃၅လမ်း၊၃၆လမ်းနှင့် ၇၄လမ်း၊၇၅လမ်းကြား အကွက် ၆၇၈မှာ စင်္ကြာနွယ်စဉ် ဘုံးအိုးဗလီ တည်ရှိသည် ။အမြောက်ဆံ၊ဗုံးဆံများပြုလုပ်ရသည့် အမှုထမ်းများနေထိုင်ရာကို အစွဲပြု၍ ဗုံးအိုး(ဘုံးအိုး)ရပ်ကွက်ဟု အမည်တွင်ခဲ့သည်။

အေလမ်းနှင့် ၇၃လမ်း (မင်္ဂလာလမ်း)နေရာမှာတော့ ပုဏ္ဏားလူမျိုးများ၏ ပုဏ္ဏားစုရပ်ကွက် ရှိသည်။မန္တလေးကတော့ ဗောဓိကုန်းပုဏ္ဏားစုဟုခေါ်ကြသည်။ မင်းတုန်းမင်းလက်ထက်ကတည်းက ဘိသိတ်တော်ဆက်၊ အခါတော်ပေး ပုဏ္ဏားတော်ကြီးများနေထိုင်ခဲ့ရာ ရပ်ကွက်ကြီးဖြစ်သည်။ အခါတော်ပေး ဗေဒင်ပညာရှိများ၊ နာရီတော်စောင့် ပုဏ္ဏားတော်များ နေထိုင်ရာဖြစ်သည်။

ထိုပုဏ္ဏားစုတွင် ရှေးဟောင်းဘုရားကျောင်းများလည်း ရှိခဲ့၏။ ထိုဘုရားကျောင်းများအနက် ဦးပြာရီဘုရားကျောင်းမှာ ထင်ရှားသည်။ ထို့ပြင် သီပေါမင်းလက်ထက်က ခန့်ထားခဲ့သော ဆတ္တာဝန်လည်း ထိုရပ်ကွက်တွင်ရှိသည်။ ဆတ္တာဝန်သည် ဦးခေါင်းသာမက ခြေသည်း၊ လက်သည်းအထိ သန့်စင်ပေးရသူဖြစ်သည်။ ထိုလုပ်ငန်း၏ အစဉ်အဆက်များ ယခုတိုင်ရှိနေပါသေး၏။ သီပေါမင်းလက်ထက်က ဆတ္တာဝန်မှာ သီရီဉာဏသုခဟု မှတ်သားရသည်။ရိုးရာအစဉ်အလာအပေါ် အယူသည်း အစွဲအလမ်းကြီးလွန်းသော ပုဏ္ဏားတော်ရပ်ကွက်သည်လည်း စျေးကွက်စီးပွားရေးခေတ်မှာ အကွက်အကွင်းကောင်းသည့် မင်္ဂလာလမ်းမျက်နှာစာ၊ အေလမ်းမျက်နှာစာတစ်လျှောက် အပြောင်းလဲကြီး ပြောင်းလဲသွားပါပြီကော။ အရက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ အကင်ဆိုင်တွေ၊ မိတ်ကပ်အလှပြင်ဆိုင်တွေ၊ အင်္ကျီဆိုင်တွေ၊ အလှကုန်ပစ္စည်းဆိုင်တွေ၊ ဗွီဒီယိုတိပ်ခွေဆိုင်တွေ၊ မိတ္တူကူးဆိုင်တွေ……။ ထိုမျက်နှာစာနောက်ကွယ်မှာတော့ အိန္ဒိယ ဟာမိုနီယံ တူရိယာသံနှင့် တာပလာ ဗုံသံ၊ကြေးလင်းကွင်းသံများကတော့ အေလမ်းပေါ်ထိ ပျံ့လွှင့်နေဆဲ။

ဘာသာ၃မျိုး သုံးပွင့်ဆိုင် ညီညွတ်မျှတစွာနထိုင်ကြသည့် ထိုရပ်ကွက်လေးသည် အတိတ်မန္တလေး၏ ငြိမ်းချမ်းနေပျော်မှု ပြယုဂ်ပင် ဖြစ်တော့သည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW