မြန်မာ ယန်စီကုမ္မဏီ အလုပ်ဆိုက်ထဲမှာ ဒုတိယအကြိမ် ပစ္စည်းတွေ လုယူခံရမှုဖြစ်ပွား

စက်တင်ဘာ ၆ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ကျောက်မျက်ကျေးရွာနားက စံပယ်တောင် – ကြေးစင်းတောင် ကြေးနီစီမံကိန်း မြန်မာ ယန်စီ ကုမ္မဏီ အလုပ်ဆိုက်ဟာ မနေ့ စက်တင်ဘာ ၅ ရက် ညနေပိုင်းက ဒုတိယအကြိမ် ပစ္စည်းတွေလုယူခံခဲ့ရတယ်လို့ ကုမ္မဏီဝန်ထမ်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ကျောက်မျက်ရွာနားက မြန်မာ ယန်စီ စက်သုံးဆီ သိုလ်လှောင်ရုံ ဆိုက်မှာ လုယူခံရတာ ” လို့ မြန်မာ ယမ်စီ ကုမ္မဏီဝန်ထမ်းတယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက” ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက် ၊ ညပိုင်း ၁၀ နာရီဝန်းကျင်က ဓားပြတိုက်ခံရတဲ့ မြန်မာ ယန်စီ ကြေးနီထုတ်လုပ်ရေး ကုမ္မဏီပိုင် ဆီသိုလ်လှောင်ကန် အလုပ်ဆိုက်မှာ နောက်တကြိမ် လုယူခံရတာဖြစ်တယ် ၊ မနေ့က ညပိုင်း ၆ နာရီဝန်းကျင်မှာ ခန့်မှန်း အမည်မသိလူ ၂၀ လောက် ဆိုက်ထဲကိုရောက်လာတယ် ၊ ကုမ္မဏီဝန်ထမ်း ဦးမျိုးမြင့်ကျော်နဲ့ ဦးမျိုးမောင်ဆီက ဖုန်းတွေကို အရင်ယူတယ် ၊ နောက်ပြီး ကုမ္မဏီပိုင် အင်ဂျင် (ဒီဇယ်) စက် ၁ လုံး ၊ ဘက်ထရီအိုးကြီး ၃ လုံး ၊ မီးသတ်ဆေးဗူး အကြီး ၅ ဗူး နဲ့ အခြား ကုမ္မဏီပိုင် ပစ္စည်းတွေ ပါသွားတယ်လို့ ကနဦး သိရတယ် ၊ လုံခြုံရေး အဖွဲ့က ဒီမနက်မှ သွားရောက်စစ်ဆေးတုန်းဖြစ်တယ် ၊ ပစ္စည်းစာရင်းက ဒီထက်ပိုများနိုင်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့ရုံးက အမှုဖွင့်ထားတယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။

အဲ့ဒီ အလုပ်ဆိုက်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ညပိုင်းက ပထမအကြိမ် ကုမ္ပဏီပိုင် Hytera၊ Icom ic 202D အမျိုးအစား အထိုင်စက်(ကောင်း) ၂ လုံး၊ Water Cooler ၁ လုံး၊ အရေးပေါ်မီးစက်မှ ၁၂ ဗို့ ဘက္ထရီအိုး ၂ လုံး၊ ဒီဇယ် ၅ ဂါလံဆံ့(ဒီဇယ်ပါ) ပုံး ၂ ပုံး၊ ပေ ၁၀၀ ခန့်ရှိ မီးသတ်ပိုက် ၂ ခွေ၊ မီးသတ်ခေါင်း ၁ ခု၊ မီးသတ်ဆေးဗူး ၂ ဗူး၊ ကုမ္ပဏီမှ ဝန်ထမ်း ၂ ဦးရဲ့ လက်ကိုင်ဖုန်း ၂ လုံးပါသွားတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်ထဲက နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္မဏီဖြစ်တဲ့ မြန်မာ ဝမ်ပေါင် ကြေးနီစီမံကိန်း အလုပ်ဆိုက်ကို ပေးပို့ထားတဲ့ လျှပ်စစ်တာတိုင် ၁ ခုမှာ ပြီးခဲ့တဲ့ ဇွန်လက မိုင်းကွဲခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ချင်းတွင်းမြစ်ကနေ စံပယ်တောင် ၊ ကြေးစင်းတောင် မြန်မာ ယန်စီ ကြေးနီစီမံကိန်းဘက်ကို ပေးပို့တဲ့ ရေပိုက်လိုင်းတွေလည်း ပြီးခဲ့တဲ့ နှစ်က မိုင်းပေါက်ကွဲတဲ့ဖြစ်စဥ်တွေ ဖြစ်ဖူးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး

Related posts

Leave a Comment

VOM News

FREE
VIEW