မူဆယ်မှာ ငွေလဲလုပ်ငန်း လုပ်ကိုင်တဲ့အိမ် သိန်း ၅ ရာ ကျော် ဓားပြတိုက်ခံရ

စက်တင်ဘာ ၊ ၇ ၊ ၂၀၂၂
SP( VOM)

ရှမ်ပြည်နယ်မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့ ၊ တောင်ရပ်ကွက်မှာရှိတဲ မြန်မာငွေနဲ့ တရုတ်ငွေ လဲလှယ်ပေးတဲ့ လုပ်ငန်း လုပ်ကိုင်နေတဲ့ နေအိမ်ဟာ ဒီကနေ့မနက် အစောပိုင်းက ဓားပြတိုက်ခံရတယ်လို့ မူဆယ်မြို့ခံ ငွေကြေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” ငွေလဲပေးတဲ့အိမ်ကို ဒီမနက် ၆ နာရီဝန်းကျင်က ကား ၁ စီးနဲ့ လူ ၃ ယောက်ရောက်လာပြီး တိုက်သွားတာဖြစ်တယ် “လို့ မူဆယ်တောင်ရပ်ကွက်နေ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး မူဆယ်ခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ” ဒီမနက် မိုးလင်းခါစအချိန်မှာ အခင်းဖြစ်နေရာကို ကား ၁ စီးနဲ့ ၊ လူ ၃ ယောက်ရောက်လာတယ်၊ သေနတ် ၁ ချက်ပစ်ဖောက်ပြီး အိမ်ထဲကိုဝင်လာတယ် ၊ ပစ်ဖောက်မှုကြောင့် လူထိခိုက်တာ မရှိဘူး ၊ နောက်ပြီး အဲ့ဒီ ၃ ယောက်က အိမ်ထဲဝင်လာပြီး အိမ်ထဲရောက်တော့ ဗီရိုတွေ ၊ သေတ္တာတွေနဲ့ မီးခံသေတ္တာကို မွှေနှောက်ရှာဖွေတယ် ၊ ပိုက်ဆံရောရာ သိန်း ၅ ရာဝန်းကျင်ယူသွားတယ်လို့ ကနဦး စစ်ဆေးချက်အရ သိရတယ် ၊ အဲ့ဒီအိမ်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာတွေကိုလည်း ဖြုတ်ယူသွားတယ် ငွေကြေးရဲ့ အမောင့်နဲ့ ငွေအမျိုးအစားကိုတော့ စီစစ်နေဆဲဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒီ ဓားပြမှုကို သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်စစ်ဆေးနိုင်ဖို့ စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

မူဆယ်မြို့မှာ ပြီးခဲ့တဲ့လက ဓားပြမှုနဲ့ ဆက်စပ်သူ ၁၅ ယောက်ထက်မနည်း ဖမ်းဆီးရမိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းတွေနဲ့အတူ တရားစွဲဆို အရေးယူထားတယ်လို့လည်း ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW