စစ်တွေမှာ ရဲအုပ်တဦး သေနတ်နဲ့အနီးကပ် ပစ်သတ်ခံရ

စက်တင်ဘာ ၉- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မနေ့ စက်တင်ဘာ ၈ရက် ည ၇ နာရီခန့်က ပြည်သူ့ဆေးရုံကြီးအနီး၊ လမ်းမကြီးပေါ် မီးပွိုင့်ဖြတ်ဖို့စောင့်နေတဲ့ ရဲအုပ်တဦး သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးသွား​တယ်လို့ သိရပါတယ်။

သေဆုံးသွားသူဟာ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ် သိပ္ပံလို့ သိရပြီး VOM က သက်ဆိုင်ရာကို မေးမြန်းခဲ့ရာမှာတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

နယ်ထိန်းခေါင်းဆောင်ကို ပစ်ခတ်သွားသူတွေဟာ ဘယ်သူတွေရဲ့ လက်ချက်လဲဆိုတာ မသိရသေးဘဲ အာဏာပိုင်တွေဘက်ကလည်း ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။

စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကတော့ “အဲ့ဒါက ရဲကို ဆက်မေးမှရမယ်။ ငါတို့လည်း အဲဒါစောင့်တော့ စောင့်နေတယ်။”လို့ ပြောပါတယ်။

အဲဒီလို ပစ်ခတ်မှုဖြစ်စဥ်မှာ ရဲအုပ်ရဲ့ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူတို့ရှေ့မှာ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူဖြစ်စဥ်မျိုး စစ်တွေမှာ ၂၀၂၀ ပြည့်နှစ်က တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတုန်းက ရဲတပ်ကြပ်ကြီးတဦးကို နေအိမ်ထဲထိဝင်ပြီး ဓား၊ စကေဘာ စတဲ့ လက်နက်တွေနဲ့ အသတ်ခံခဲ့ရတဲ့ ဖြစ်စဥ်လည်းရှိခဲ့ဖူးပါတယ်။

မန္တလေးမြို့မှာ မနေ့စက်တင်ဘာ ၈ရက် ညနေပိုင်းကလည်း ချမ်းမြသာစည်မြို့နယ်၊ အမှတ် ၁၀ရဲစခန်းက ရဲတပ်ကြပ်(နယ်ထိန်း)တဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

ပုံစာ – စစ်တွေနာရီစင်အနီးမြင်ကွင်း
#voiceofmyanmar #VOM #စစ်တွေ #ရဲအုပ်ပစ်ခတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW