ရေနံချောင်းမှာ နိုင်ငံသားအထောက်ထားမဲ့သူ ၁၅ ယောက်ဖမ်းမိ

 

စက်တင်ဘာ ၁၀-၂၀၂၂
VOM (GG)

မကွေးတိုင်း ၊ရေနံချောင်းမြို့နယ်မှာ ဒီနေ့ စက်တင်ဘာ ၁၀ ရက် မနက်အစောပိုင်းက နိုင်ငံသားအထောက်ထားမဲ့သူ ၁၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ဒီနေ့မနက်အစော ၄ နာရီကျော်လောက်မှာ ရေနံချောင်းမြို့နယ်၊ တွင်းကုန်းရပ်ကွက်က နေအိမ်တအိမ်မှာ နိုင်ငံသားအထောက်ထားမဲ့သူ ၁၂ ဦး နဲ့ရပ်ကွက်အတွင်းက လူ ၃ ဦး အားလုံးပေါင်း ၁၅ ဦးကို ရဲနဲ့တာဝန်ရှိသူတွေက ကင်းလှည့်ချိန်မှာ ရှာဖွေတွေ့ရှိဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲအုပ်အဖွဲ့နဲ့ တွင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်ချိန် ၃ ယောက်ကိုအရင်တွေ့တယ်။ထပ်စစ်တော့ ရပ်ကွက်ထဲက ဦးအောင်မျိုးဆိုသူရဲ့ ‌ခြံထဲက အဆောင်မှာ ၂ ယောက်ထပ်တွေ့တာ ၊ ဦးအောင်မျိုးကတော့ ထွက်ပြေးလို့ အခုထိ မမိသေးဘူး ၊ရဲစခန်းကတော့ လိုက်ရှာနေတယ် ၊ ရေနံချောင်းမှာ အခုလိုမျိုးမိတာ အရင်ကမကြားဖူးဘူး”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ ဒေသခံတဦးကပြောပါတယ်။

ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေထဲမှာ ကလေး ၁ ဦးအပါအဝင် အမျိုးသားက ၆ ဦး ၊ အမျိုးသမီး ၉ ဦး ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံသားအထောက်ထားမဲ့သူတွေကို လက်ခံထားတဲ့ ဦးအောင်မျိုးဆိုသူမှာ ထွက်ပြေးသွားတာကြောင့် ဖမ်းဆီးရမိထားတဲ့ နိုင်ငံသားအထောက်ထားမဲ့သူတွေရဲ့ကိုယ်ရေးအချက် အလက်အသေးစိတ်ကို မသိရှိရသေးဘူးလို့ သိရပါတယ်။

မကွေးတိုင်းထဲက မင်းတုန်းမြို့နယ်မှာလည်း ပြီးခဲ့တဲ ဩဂုတ်လက နိုင်ငံသားအထောက်အထားမဲ့သူ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေနံချောင်း #နိုင်ငံသားအထောက်အထားမဲ့သူ #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW