မန္တလေး မြေမြို့ရိုးကြီး

ဆူးငှက်

မန္တလေး ရတနာပုံနေပြည်တော်ကို မင်းတုန်းမင်းကသက္ကရာဇ် ၁၂၁၈ခုမှာ စတင်တည်ထားပြီး သက္ကရာဇ် ၁၂၂၁ခုနှစ် ကဆုန်လပြည့်ကျော် ၆ရက် (၂၃-၅-၁၈၅၉) မှာမော်ကွန်းတင် ပြီးမြောက်တယ်။ရတနာပုံနေပြည်တော်ရဲ့ ရွှေကြိုးသတ် နယ်မြေက တောင်မြောက် အလျား မိုင်၃၀ခန့်၊ အရှေ့အနောက် အနံ ၈မိုင်ခန့် ရှိတယ်။ ထီးနန်းစိုက်ရာရွှေမြို့တော်က တောင်မြောက် အလျား ၆မိုင်ခွဲနဲ့ အရှေ့အနောက် ၄မိုင်ကျော် ဧရိယာ ၂၅စတုရန်းမိုင်ရှိတယ်။ရှင်ဘုရင်စံတော်မူတဲ့ ရွှေနန်းတော်တည်ရှိရာကို တစ်ဖက် တာ၆၀၀ (၁မိုင် ၂ဖာလုံ ၅၅ကိုက်) စီရှိတဲ့ မြို့ရိုး၄ဖက်နဲ့ ကာရံထားပြီး တံခါး ၁၂ရပ်ရှိတယ်။ ရွှေမြို့တော်ကို လေးပြင်လေးရပ် သတ်မှတ်ကာ ရပ်ကွက်ပေါင်း ၅၄ကွက်နဲ့ ဖွဲ့စည်းထားတယ်။

ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ထားတဲ့အပြင်ဘေးပတ်လည်မှာလည်း ပုဂံခေတ်ကတည်းက ဆည်ဖို့ထားတဲ့ ကန်တွေ သဘာဝအင်းတွေ ကန်တွေချာင်းတွေရှိတာမို့ ရွှေမြို့တော်ရဲ့ လူနေရပ်ကွက် ပတ်လည်မှာလည်း မြေမြို့ရိုးကြီး တာဖို့ခဲ့တာ ရွှေမြို့တော် တည်စ ၁၂၂၀ခုနှစ် ကတည်းကပါပဲ။ အချိန်အခါအလျောက် လိုအပ်ရင် မြေမြို့ရိုးကြီးကို တိုးချဲ့ပြင်ဆင်ခဲ့ပြီး ၃ကြိမ်မြောက်ပြင်ဆင်ပြီး သက္ကရာဇ် ၁၂၃၇ခုနှစ် နှောင်းတန်ခူးလ (၁၈၇၆ခု ဧပြီလ) မှာ တံခါးတော် ၅၇ရပ်နဲ့တကွ နောက်ဆုံး တည်ဆောက် အပြီးသတ်ခဲ့ပါတယ်။

အပြင်မြေမြို့ရိုးကို မြို့ကြီးလို့ခေါ်ဝေါ်ပြီး အောက်ခြေထု ၁၀တာ(ပေ၁၁၀ကျော်)၊ထိပ်ပြင်အကျယ် ၆တာ(၆၇ပေနီးပါး)၊ အမြင့် သံ ၁၀တောင်(၁၆ပေ နီးပါး) ရှိပါတယ်။ အပြင်မမြို့ရိုးကြီးတည်ဆောက်တော့ ရွှေမြို့တော်မှာရှိတဲ့ အီတလီ အင်ဂျင်နီယာတစ်ဦးက ညွှန်ကြား ကြပ်မတ်ပြီး မြို့ဝန်ဦးပေစိက ကြီးကြပ်ကွပ်ကဲရတယ်။ လုပ်သားပေါင်း ၆သောင်းနဲ့ ၈လကြာ တည်ဆောက်ရတော့လုပ်အားခအဖြစ် ၁တာ (၁၁ပေကျော်)ကို ၃ကျပ် ပေးရသတဲ့။မြေမြို့ရိုးကြီးမှာ အရှေ့ဘက် မျက်နှာက တံခါး ၁၈ရပ်၊တောင်မျက်နှာက တံခါး ၁၁ရပ်၊ အနောက်မျက်နှာက တံခါး ၁၈ရပ်၊မြောက်မျက်နှာက တံခါး ၁၀ရပ်၊ စုစုပေါင်းတံခါး ၅၇ရပ် ပါရှိပြီး အသွားအလာ အဝင်အထွက်များတဲ့ အရှေ့မျက်နှာ ၃နေရာ၊တောင်မျက်နှာ ၄နေရာ၊ မြောက်မျက်နှာ ၁နေရာမှာ ပြည်သူတွေ နားနေဖို့ အုတ်ဇရပ်ကြီး ၈ဆောင်ကို ဆောက်လုပ်ပေးထားပြီး လာရောက်မဲ့ရဟန်းရှင်လူပြည်သူများအတွက် လက်ဖက်ရည်၊ အချို၊ ကွမ်းဆေး၊ လက်ဖက်ကအစ ချက်ပြုတ် စားသောက်ဖို့ အိုးခွက်ပန်းကန်အပြင် ဂီလာနများအတွက် သမားတော် အနှိပ်တော်တွေ ထားပေးတယ်။ တံခါးတွေမှာလည်း အစောင့်အကြပ်အနေနဲ့ တံခါးဗိုလ်တွေ တံခါးတစ်ပေါက် တစ်ယောက်ကျ ၅၇ယောက် ခန့်ထားပေးတယ်။ အခု မြို့ရဲ့ အနောက်ခြမ်းက ရဲတပ်တို့၊ စက်ရိပ်တို့၊ရကြည်တို့၊ ပိုက်ကျုံးတို့၊ဂါဝိန်တို့၊ ပန်းဆက်တို့ အရပ်တွေက အနောက်ခြမ်း တံခါး၁၈ရပ်ထဲက တည်ရှိရာ တံခါးနေရာ အမည်ကို အစွဲပြုခဲ့တဲ့ ရပ်ကွက်တွေပါ။

အပြင်​ မြေမြို့ရိုးကြီး တည်ဆောက်ပြီးလို့ ၁နှစ်ကျော်အကြာ ၁၈၇၇ခုနှစ်မှာ အေလမ်းနဲ့ ဘီလမ်းကြား သင်္ဂဇာချောင်းအစပ် (အခု ထင်းဝင်းနေရာ)က တာကျိုးပြီး ရေလွှမ်းဖူးသတဲ့။ နောက် ၁၀နှစ်နီးပါးအကြာ ဧရာဝတီမြစ်ရေက မကြုံစဖူး ကြီးသတဲ့။ဒါကြောင့် ၁၈၈၆ခုနှစ် သြဂုတ်လ ၁၆ရက် တနင်္လာနေ့ ည၇နာရီလောက်မှာ မြို့အနောက်မြောက်ထောင့် တာရိုးက ပေ ၆၀လောက် ကျိုးပေါက်ပြီး ရေလွှမ်းခဲ့တယ်။ ရေအမှတ်က ၁၆ပေကျော်ပြီး ရေတက်မြစ်ပြင်က ၅မိုင်ကျော်ရှိတယ်။ လူ၂၅ယောက်ထက် မပိုတဲ့ အသက်ဆုံးရှုံးမှုလည်း ရှိတယ်။ အိမ်ခြေ ၈၀၀၀ကျော် ရေမြုပ်ပြီး အိမ်၄၀၀က ရေတိုက်စားမျောပါပျက်စီးသွားတယ်။ ကုန်ပစ္စည်းတွေ ၄သိန်းဖိုးလောက် ရေမြုပ်ဆုံးရှုံးတယ်။

၁၂၃၂ခုနှစ်မှာ ဖွားမြင်တော်မူပြီး နဝမမြောက်ရွှေကျင်သာသနာပိုင် သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီးက အဲ့ဒီအချိန်က ၁၆နှစ်သားအရွယ်ဝန်းကျင်ရှိပြီး ကိုယ်တွေ့ကြုံရတဲ့ မြစ်ရေတာကျိုးတဲ့ အတွေ့အကြုံကို ပြန်ပြောတော့ ၂၆ဘီလမ်းနဲ့ ၈၃လမ်းအထိ မြစ်ရေရောက်လို့ လှေနဲ့ သွားလာကြရသတဲ့။ ဈေးချိုထဲမှာ ရေက ၂တောင် ၃တောင်ရှိပြီး အိမ်တော်ရာဘုရားခြေတော်ရင်းထိ ရေရောက်သတဲ့။ အိမ်တော်ရာဘုရား အနောက်ဘက်က မိုးကောင်းတိုက်တို့ ခင်မကန်တိုက်တို့မှာ မြစ်ရေက ၄တောင်လောက်တက်သတဲ့။ ဦးပေစိဘုရားတံတိုင်းရေမြုပ်လို့ လှေတွေက တံတိုင်းဝင်တိုးကြသတဲ့။ မြို့အနောက်ခြမ်း ဘုန်းကြီးကျောင်းအားလုံးလိုလို ရေမြုပ်လို့ တိုက်မကြီးအပေါ်ထပ်တွေမှာပဲ နေကြရသတဲ့။ အဲ့ဒီရေက တန်ဆောင်မုန်းလပြည့်ကျော်မှ ကျသွားတယ်လို့ ဆရာတော်ကြီးက မိန့်ခဲ့တာကို သတင်းစာဆရာ စာရေးဆရာကြီး လူထုဦးလှက ၁၉၇၀ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့ထုတ် ဟံသာဝတီသတင်းစာမှာ “အင်္ဂလိပ်လက်အောက်ရောက်စ ကြုံတွေ့ခဲ့ရတဲ့ မန္တလေးရေဘေး” အမည်နဲ့ဆောင်းပါး ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။

၁၈၈၆ခုနှစ်ရေဘေးမှာ အင်္ဂလိပ်အစိုးရရဲ့ အစီအမံညံ့ဖျင်းလို့ တာကျိုးပြီး ပြည်သူလူထု ဒုက္ခရောက်ရတယ်လို့ အပြစ်တင်ကြသတဲ့။ သတင်းစာတွေကလည်း ရေးကြသတဲ့။ ဒါကြောင့် မန္တလေးတာဝန်ခံ အရာရှိတွေကို အထက်က ထုချေလွှာတောင်းတယ်။ မန္တလေးအင်ဂျင်နီယာချုပ် အိတ်ဂျေ ရစ်ချတ်နဲ့အရေးပိုင်တွေ၊ ဥတ္တရဌာန ခရိုင်ဝန်ရှင်တော်မင်းကြီး စတဲ့ တာဝန်ရှိသူတွေက ဇွန်လကစပြီး မန္တလေးတာရိုးကို ဘယ်သို့ဘယ်ပုံ စောင့်ကြပ်ပြင်ဆင်ခဲ့ကြသလဲဆိုတာ အသေးစိပ် အစီရင်ခံကြသတဲ့။ အင်ဂျင်နီယာချုပ်ကိုယ်တိုင် မြို့ဝန်ဦးပေစိနှင့်အတူ တာရိုးတလျောက် လိုက်လံစစ်ဆေးပြီး လက်ထောက် အင်ဂျင်နီယာတွေကို တာရိုးတလျှောက် လုပ်ငန်းခွဲတာဝန်ချထားတယ်။ တစ်မိုင်ကို အစောင့် နှစ်ယောက်နှုန်း တဲထိုးပြီး နေ့ညမပြတ် ရေကင်းချတယ်။ ပေါင်းမြက်ခြုံနွယ်တွေ ရှင်းပြီး ကြွက်တွင်းတွေ ခြတွင်းတွေ ဖို့စေတယ်။ ဒီလိုပြုပြင်မှုတွေအတွက် ၁မိုင်ကို ၃၅၈ကျပ်နှုန်းနဲ့ ငွေပေါင်း ၂၉၆၄ကျပ် သုံးစွဲခဲ့တယ်တဲ့။

ဒီလိုတာကျိုးရေလျှံမှုဖြစ်စဉ်နောက်မှာ အင်္ဂလိပ်အစိုးရက ကျိုးပေါက်သွားတဲ့ ရတနာပုံခေတ်ကမမြို့ရိုး(တာရိုး)ကြီးကိုပြုပြင်မွမ်းမံဖို့ ကိစ္စမှာ သဘောထားတွေ ကွဲကြတယ်။ မန္တလေးအင်ဂျင်နီယာချုပ် အိတ်ဂျေရစ်ချတ် ဦးဆောင်တဲ့ စုံစမ်းရေးကော်မီတီက တာရိုးကြီးကိုပြုပြင်မွမ်းမံပြီး ဆက်လက်ထားရှိဖို့ အစီရင်ခံတင်ပြတယ်။ ရတနာပုံခေတ်ရဲ့ပြည်သူ့လုပ်အားနဲ့ ညီညွတ်ခဲ့မှုပြယုဂ်အနေနဲ့ ထားရှိသင့်တယ်၊ ဒါ့အပြင် ငွေ၂သိန်းခွဲ အကုန်အကျခံပြီး အတွင်းတာရိုး အသစ်တစ်ခုလည်း ထပ်မံတည်ဆောက်သင့်တယ်ဆိုတာမျိုး တင်ပြတယ်။ ဥတ္တရဌာန ခရိုင်ဝန်ရှင်တော်မင်းကြီး ဘားဂျက်က တာရိုးကြီး ဆက်လက်ထားရန် မသင့်လို့ တင်ပြတယ်။ အခုပြင်ပြီးပေမယ့် နောင်တချိန် ရေတက်ချိန်မှာ ပြန်ကျိုးဦးမှာပဲ၊မြန်မာဘုရင်က ရေဘေးထက် အင်္ဂလိပ်ဘေးကိုကြောက်လို့ မြေမြို့ရိုးဖို့ခဲ့တာမို့ ဒီတာရိုးက သဘာဝဘေးသာမက လူမသမာတွေရဲ့ဘေးလည်း မကာကွယ်နိုင်ဘူးလို့လည်း စောဒကတက်တယ်။ နောက်တော့ ဒီတာရိုးဟာ ရတနာပုံခေတ်က မြို့ရဲ့ လေးဘက်လေးတန် မြေမြို့ရိုးအသွင် ကာရံခဲ့ပေငြား အနောက်ဘက် အခြမ်းက ဧရာဝတီမြစ်ရေအတွက် ထိရောက်တဲ့ ကာကွယ်မှု မရှိတာမို့ လက်ရှိအတိုင်းပြန်လည်ပြုပြင်ရုံသာမက နောက်ထပ် တာရိုးတစ်ခု ထပ်မံ တည်ဆောက်စေခဲ့ပါတယ်။

ရေကြည်တံခါးလို့ခါ်တဲ့ ကျွဲစွန်းကမြောက်ကို ရတနာမဉ္ဇူ ထီးတဆောင်း၊ ၁၂လမ်းအနောက်ထိပ်မှသည်ညောင်ကွဲကွေ့အထိ တည်ဆောက်ခဲ့တဲ့ တာရိုးပါပဲ။ ဒီနောက်ပိုင်း ရတနာပုံခေတ်က မူလမြေမြို့ရိုးကြီးရော၊ အင်္ဂလိပ်ခေတ်ကတည်ဆောက်ခဲ့တဲ့ တာရိုးကြီးရော မြို့ရေဘေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခဲ့တယ်။နှစ်စဉ် ရေကြီးချိန်ရောက်တိုင်းလည်း တာရိုးတလျှောက်စစ်ဆေးပြီး ပြုပြင်တာတွေ အရေးပေါ် အခြေအနေအတွက် ရေကင်းစောင့်တာတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ ရေကြီးချိန်ကာလရောက်ရင် မန္တလေးသားတွေအဖို့ ညနေစောင်းတာနဲ့ မြစ်ရေကြည့်ဆိုပြီး မိသားစုလိုက် မြစ်ဆိပ်ကမ်းနာ တလျှောက် အလည်အပတ် သွားကြတာများ ဂေါဝိန်ဆိပ်ကနေ မရမ်းခြံဆိပ်အထိ ပွဲတော်ကြီးတမျှပါပဲ။မြစ်ဆိပ်ကမ်းနားတလျှောက်က ရပ်ကွက်တွေကလည်း ကြုံမြဲဓမ္မတာမို့ ပူပူပန်ပန် မရှိလှပါဘူး။ ထူးကဲစွာ မြစ်ရေတက်တဲ့ကာလတွေမှာတော့
တာရိုးမျက်နှာပြင်အပေါ်ထိ ရေက ကျော်လုလုဆိုရင် သတိထားကြရပါပြီ။ မြို့ရဲ့ တောင်ဖျားမြောက်ဖျားနေရာတွေကနေ ရေလျှံရေကျော်ပြီး တာကျိုးတတ်တာကိုး။ ဒီလိုအချိန်ဆို ကောလဟလတွေဖြစ်တတ်တယ်။ ညကြီးသန်ခေါင်မှာ တာရိုးကျိုးပြီဆိုတဲ့ သတင်းမျိုးပေါ့။ ဒါပေမယ့် တကယ်မဟုတ်ခဲ့ပါဘူး။

၁၉၉၇ခုနှစ်မှာတော့ မန္တလေးအနောက်ခြမ်းမှာ မြစ်ကမ်းဘေးကရပ်ကွက်တွေ ဖယ်ရှားရှင်းလင်းပြီး ၈လမ်းသွား မြို့ပတ်လမ်းစီမံကိန်းကို အကောင်အထည်ဖော်တယ်။ အရင်က မြို့တောင်ဖျားမြောက်ဖျား ရေလျှံကွင်းနေရာတွေမှာလည်း လူနေရပ်ကွက်ကြီးတွေ ပေါ်ပေါက်လာတယ်။ ဒီတော့ ရတနာပုံတံတားသစ်မှသည် မြောက်ဘက် ညောင်ကွဲအိုးဘိုအထိ ဖောက်လုပ်ထားတဲ့ မြို့ပတ်လမ်းမကြီးကလည်း နောက်ထပ် တာရိုးအသစ် တစ်ခုအသွင် ထပ်မံပေါ်ပေါက်လာတာပါပဲ။ ဒီမြို့ပတ်လမ်း တာရိုးက မူလရတနာပုံခေတ်မမြို့ရိုးကြီနဲ့ အင်္ဂလိပ်ခေတ် တာရိုးကြီးရဲ့ အစိပ်အပိုင်းတွေနဲ့ရော နေရာအတော်များများ ပေါင်းစပ်အသုံးပြုထားတာပါ။

တကယ်တော့ ရတနာပုံခေတ်ကာလ မြေမြို့ရိုးကြီး စတင်တည်ဆောက်ခဲ့တဲ့ ၁၂၃၇ခုနှစ်(၁၈၇၆ခုနှစ်)မှသည် ယနေ့ မြို့သက် ၁၆၁ နှစ်အထိ ၁၈၈၆ခုနှစ် အင်္ဂလိပ်လက်ထက်က တစ်ကြိမ်သာ မြစ်ရေကြီးကာလ တာရိုးကျိုးပေါက်ပြီး ဈေးချိုကို ရေရောက်ကာ လှေစီးရသည်အထိ မြို့အနောက်ခြမ်း ဆိုးဆိုးရွားရွား ရေလွှမ်းခဲ့ဖူးတာ ကြုံတွေ့ခဲ့ဖူးပါသတဲ့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW