မူဆယ် ၁၀၅ မိုင်က Agent ၂၃ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၁၁၊ ၂၀၂၂
Shy V (VOM)

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က Agent ၂၃ ဦး လက်နက်ကိုင်တွေကို အခွန်ဆောင်လို့ ဆိုပြီး ဗျူဟာမှူး ၁ ဦးက အစည်းအဝေးခေါ်ကာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရ​တယ်လို့ ကုန်သွယ်ရေးအသိုင်းအဝိုင်းက သိရပါတယ်။

“ဟုတ်တယ် မနေ့က အစည်းအဝေး ခေါ်မယ်ဆိုပြီးတော့ ခေါ်သွားတယ်။” လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။

ကုန်သည်တွေအနေနဲ့ အစိုးရ တရားဝင် အခွန်အပြင် တရားမဝင်ကောက်တဲ့ အစိုးရအဖွဲ့ စုံ၊ KIA, TNLA, SSPP/SSA တွေကို အတက်ရောအဆင်းပါ တခြမ်း တခါ ပေးဆောင်ရတဲ့အပြင် လမ်းပေါ်မှာ ကောက်နေတဲ့ အဖွဲ့တိုင်းကိုလည်း ပေးဆောင်ရတာကြောင့် အခက်အခဲဖြစ်ကာ လုပ်ငန်းရှင် ထက်ဝက်နီးပါး လုပ်ငန်းရပ်ဆိုင်းထားရ​တယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

ယာဉ်ပိုင်ရှင်တွေအနေနဲ့လည်း ယာဉ်အတွက် အစိုးရကို တရားဝင်အခွန်ဆောင်ရတဲ့အပြင် KIA, TNLA, SSPP/SSA စတဲ့ အဖွဲ့တွေဆီ နှစ်စဉ်ကြေး ပေးဆောင်ရတဲ့အပြင် အဖွဲ့များတာကြောင့် ကုန်ကျစရိတ် ပိုများလာတယ်လို့ သိရပါတယ်။

“အခွန်မဆောင်တော့လည်း ဒီကားတွေရဲ့ လုံခြုံရေးကို တာဝန်ယူတာမှ မဟုတ်တာ။ အခွန်ဆောင်တော့လည်း ဆောင်လို့ဆိုပြီးတော့ အဖမ်းခံရတယ်။” လို့ Import ကုန်သည် ၁ ဦးက ပြောပါတယ်။

လက်ရှိမှာတော့ မြောက်ပိုင်းလမ်းကြောမှာ တရားမဝင် ပေးဆောင်ရတဲ့ အခွန်အကောက်တွေ ကား ၁ စီးကို ကျင်းစန်းကျော့ကနေ မန္တလေးအထိ ပျမ်းမျှ သိန်း ၃၀ ဝန်းကျင်ထိ ရှိလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်က ချုပ်ကိုင်ထားတဲ့ ကုမ္ပဏီတွေဆီလည်း ကုန်ကျတာတွေ ရှိသေးတယ်လို့ တရုတ်ဘက်နေထိုင်သူ မြန်မာကုန်သည် ၁ ဦးက ပြောပါတယ်။

ကုန်သွယ်ရေးလမ်းကြောင်းက ကုန်ကျစရိတ်မြင့်မားမှုတွေဟာ ကုန်သည်လုပ်ငန်းရှင်တွေ သာမက ပြည်သူတွေကပါ ကုန်ဈေးနှုန်းမြင့်မားမှုဒဏ်ကို အဓိက ခါးစည်းခံနေရ​တယ်လို့ နယ်စပ် လုပ်ငန်းရှင်တွေက ပြောပါတယ်။

Photo Crd# Google
#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW