ကန်ပိုင်တည်လမ်းမှာ မြေပြိုလာတာကြောင့် ကားတွေသွားလာလို့မရတဲ့ထိ လမ်းပိတ်

စက်တင်ဘာ ၁၄၊ ၂၀၂၂
Shy V(VOM)

တရုတ်-မြန်မာနယ်စပ်လမ်းကြောဖြစ်တဲ့ ကန်ပိုင်တည်လမ်း၊ ဆဒုံးမြို့နဲ့ လုကြည်ရွာကြားမှာ ပြီးခဲ့တဲ့ရက်ပိုင်း မိုးရွာထားတာကြောင့် ဒီနေ့ စက်တင်ဘာ ၁၄ ရက် နေ့ခင်းပိုင်းမှာ မြေပြိုပြီး ကျောက်တုံးတွေကျလာတာကြောင့် ကားတွေသွားလာလို့မရတဲ့ထိ လမ်းပိတ်သွား​တယ်လို့ ကုန်တင်ယာဉ်မောင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

“အခုက ကားကြီးရော ကားလေးရော သွားလို့ မရတော့ဘူးဗျ၊ အခုနှစ် မိုးတွင်း အစပိုင်းကနေ တောင်တွေ ပြိုနေတာဖြစ်ပြီး တရက် နည်းနည်းစီ ပြိုကျလာရာကနေ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ မိုးထပ်ရွာထားလို့ ဒီနေ့မှာတော့ မြေထပ်ပြိုလာကာ ကျောက်တုံးကြီးပါ ပြိုကျပါလာပြီး လမ်းပိတ်သွားတာ” လို့ အဲဒီ လမ်းကြောမှ ကုန်တင်ယာဉ်မောင်း ၁ ဦး က ပြောပါတယ်

အဲဒီ ဒေသခံ ဆိုင်ရှင် ၁ ဦးကလည်း “ဟုတ်တယ် အခုပိတ်နေတာ မရသေးဘူး။ ကျောက်တုံး ပြိုကျလာလို့ ကျောက်တုံးနဲ့ ပိတ်နေတာ လုကြည် နားလေးမှာ၊ မိုးက အရင်နေ့က ရွာတာမို့လို့ ပိတ်သွားလို့ ကားလေးလည်း သွားလို့ မရတော့ဘူး။” လို့ ရှင်းပြပါတယ်။

လက်ရှိ အဲဒီလမ်းမှာ အတက်ကား ၄၀ ဝန်းကျင် နဲ့ အဆင်းကား ၄၀ ဝန်းကျင်ခန့် ပိတ်မိနေပြီး လမ်းပြို ကျောက်တုံးပိတ်နေတဲ့ နေရာမှာ ဖုန်းလိုင်း မမိတဲ့အပြင် ဆိုင်တွေလည်း မရှိတာကြောင့် ခရီးသွားလာသူတွေအတွက် အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

အဲဒီလမ်းကနေ နေ့စဉ် စက်သုံးဆီတင်ကားတွေ အပါအဝင် ကုန်တင်ကား အရေအတွက် ၁ ရက် ပျမ်းမျှ ၅၀ ခန့် ဝင်ထွက်နေတာဖြစ်တယ်လို့ ပြောပါတယ်။

ကန်ပိုင်တည် နဲ့ ဝိုင်းမော်အထိ အတက်အဆင်း လမ်းမှာ ကောက်ခံတာ ၁ ခြမ်းကို ၅ သိန်းဝန်းကျင် အနည်းဆုံး ဆောင်ကြရပေမယ့် အခွန်ကောက်ခံတဲ့ မည်သည့်အဖွဲ့ကမှ လမ်းအတွက် တာဝန်ယူကူညီခြင်းမရှိဘဲ ယခင်ကတည်းက ကားသမားတွေ ငွေစုကာ တတ်နိုင်သမျှ ပြုပြင်သွားကြရပေမယ့် လက်ရှိတော့ အဲဒီကျောက်တုံးတွေ ဖယ်ထုတ်ပစ်ဖို့ တရုတ်ယွမ်ငွေ ၄၀၀၀ တောင်းတာကြောင့် ယနေ့ ငွေကြေးမလုံလောက်လို့ မလုပ်နိုင်သေးဘူးလို့လည်း သိရပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ စက်သုံးဆီလိုအပ်ချက်ကြောင့် တရုတ်ဘက်ကနေ စက်သုံးဆီကို တရားမဝင် တင်သွင်းနေကြရပြီး အဲဒီ လမ်းပိတ်သွားတာကြောင့် လမ်းကို မှီခိုလုပ်ကိုင်နေတဲ့ ပြည်သူတွေ အခက်အခဲဖြစ်ရတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့လည်း အမြန်ဆုံး ကူညီပေးစေလို​တယ်လို့ ဒေသခံနဲ့ ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo – ကုန်တင်ကားသမားများ
#voiceofmyanmar #VOM #ကန်ပိုင်တည်

Related posts

Leave a Comment

VOM News

FREE
VIEW