မုံရွာ အလုံတပ်မြို့ဘက်မှာ ပိုင်ရှင်မဲ့ ရုပ်အလောင်း ၃ လောင်းတွေ့

စက်တင်ဘာ ၊ ၁၆ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အလုံတပ်မြို့နယ် ကောရဗျကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက ပိုင်ရှင်မဲ့ လူသေ ရုပ်အလောင်း ၃ လောင်းတွေ့ခဲ့ရတယ်လို့ အလုံနယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ကောရဗျရွာရဲ့ အရှေ့ဘက်မှာ မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်မှာ တွေ့ရတာဖြစ်တယ် ၊ သေဆုံးသူက အမျိုးသား ၃ ယောက်ဖြစ်တယ် ၊ မျက်နှာမှာ ကျည်ဆံဖောက်ဝင်ဒဏ်ရာတွေနဲ့ ဖြစ်ပြီး ရုပ်ရည်က မပီပြင်တော့ဘူးဆိုတော့ ဘယ်သူ ဘယ်ဝါဆိုတာ ခွဲခြားမရဘူး ၊ ဒီမနက်အထိတော့ ပိုင်ရှင်မဲ့တွေဖြစ်နေဆဲ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ပိုင်ရှင်မဲ့ ရုပ်အလောင်း ၃ လောင်းကို နယ်ခံ ပရဟိတသမားတွေက မုံရွာပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကိုပို့ဆောင်ထားရှိကာ မုံရွာမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း အခုလ ၃ ရက်နေ့ကလည်း အလုံတပ်မြို့ရဲ့ အလုံဘူတာအနီးမှာ ပုတ်ပွစပြုနေပြီဖြစ်တဲ့ ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်း ၁ လောင်း တွေ့ရတာရှိတယ်လို့ သိရပါတယ်။

အခုလ ၁၂ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်း ၊စစ်ကိုင်းမြို့ ၊ နီလာရပ်ကွက် ၊ စစ်ကိုင်း ရွှေဘို အမှတ် ၃ ခရိုင်ချင်း ချိတ်ဆက်လမ်းမှာ မျက်နှာ အဝတ်စီးပြီး ပစ်သတ်ခံထားရတဲ့ ပိုင်ရှင်မဲ့ အမျိုးသမီး ရုပ်အလောင်း ၂ လောင်းတွေ့ခဲ့ရတာ ရှိခဲ့ပါသေးတယ်။

အဲ့ဒီ အမျိုးသမီး ရုပ်အလောင်း ၂ လောင်းဘေးက အသက်မသေပဲ ကျန်ရစ်ခဲ့တဲ့ ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးကိုလည်း တွေ့ရတာကြောင့် လူမှုကူညီရေးအဖွဲ့က ကောက်ယူစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေဦးခရိုင် ရေဦးမြို့နယ်ထဲက မူးမြစ်လက်တံတွေနဲ့ ရွှေဘိုခရိုင် ရွှေဘို ခင်ဦး မူးမြစ်လက်တံတွေထဲမှာ ပိုင်းရှင်မဲ့ ရုပ်အလောင်းတွေ မကြာခဏ မျှောပါလာပြီး ၊ မျှောပါလာတဲ့ ရုပ်အလောင်းအများစုဟာ ဦးခေါင်းတွေ ပြတ်တောက်နေတာ များတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ ဒီနှစ် ၉ လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း ၄၀ ထက်မနည်း တွေ့ရတဲ့အတွက် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့် ဆောင်ရွက်ထားရတယ်လို့ ရဲအသိုင်းဝိုင်ဆီက သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #အလုံတပ်မြို့ #ပိုင်ရှင်မဲ့အလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW