ရန်ကုန်မှာ ပေါက်ကွဲမှုနဲ့ပစ်ခတ်မှုဖြစ်ပြီး တတိယနှစ်ကျောင်းသား သေဆုံး၊ ၅ ယောက်ဒဏ်ရာရခဲ့

စက်တင်ဘာ ၁၆-၂၀၂၂
VOM (GG)

ရန်ကုန်မြို့၊ သာကေတနဲ့ ကမာရွတ်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုဖြစ်ပြီး ၁ ယောက်သေဆုံးကာ ၅ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

သာကေတမြို့နယ် ပစ်ခတ်မှုမှာ ဒီနေ့ မနက် ၁၀ နာရီခွဲလောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး ရပ်ကွက်အတွင်းစကားပြောနေတဲ့ တတိယနှစ် ဓာတုဗေဒကျောင်းသားတယောက် နဲ့ ဆယ်တန်းကျောင်းသား တို့နှစ်ယောက် သေနတ်နဲ့ပစ်ခံရတာဖြစ်ကြောင်း၊ သေနတ်နဲ့ ပစ်ခံရတဲ့ဒဏ်ရာကြောင့် တက္ကသိုလ်ကျောင်းသားကတော့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

“သာကေတမြို့နယ် ၂/ တောင်ရပ်ကွက်၊ ဇောတရုံလမ်းနဲ မာန်ပြေ ၁ လမ်းအနောက်လမ်းဆုံမှာဖြစ်တာ။တယောက်က ခေါင်းနဲ့မျက်နှာ သေနတ် ၅ချက်မှန်ပြီး နေရာမှာပဲသေတယ်။ဆယ်တန်းကလေးက ကျတော့ ပေါင်ကိုပဲမှန်တော့ မစိုးရိမ်ရဘူးလို့သိရတယ်။ ” လို့ သာကေတမြို့နယ် နေထိုင်သူတဦးကပြောပါတယ်။

နောက်ပြီး ကမာရွတ်မြို့နယ်မှာ ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ ၇ ရပ်ကွက်၊ ဗဟိုလမ်းမပေါ်က စည်ပင်ရဲတပ်ဖွဲ့ဝန်းအရှေ့မှာ ဗုံး၂ကြိမ်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လမ်းမပေါ်သွားလာနေသူ ၄ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေဟာ ကလေးကျောင်းပို့ပြန်လာတဲ့ ကျောင်းသားမိခင်တယောက်နဲ့ တက္ကစီယာဥ်မောင်း ၊နောက်ထပ်အမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်တို့ ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” ပေါက်ကွဲသံနှစ်ချက်ကြားတယ်။လူတွေထိသွားတယ်ကြားပေမယ့် သွားကြည့်ဖို့က ချက်ခြင်းအဆင်မပြေဘူး။ခဏကြာတော့ စစ်တပ်ကရောက်လာတယ်။ ” လို့ ၇ရပ်ကွက် နေထိုင်သူတဦးကပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲ ရောက်လာပြီး စစ်ဆေးမှုပြုလုပ်ချိန် မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးနှစ်လုံးလည်းထပ်မံတွေ့ရှိရတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ စက်တင်ဘာလ ၁ ရက် ကနေ ၁၄ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုပေါင်း ၁၉ ကြိမ်ထက်မနည်းရှိခဲ့ပြီး အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ၊ အရပ်သားသေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW