ဟင်္သာတမှာ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေကို ကူညီအမှုလိုက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေတဦး ထောင်၂ နှစ်ချမှတ်ခံရ

စက်တင်ဘာ၊ ၁၆-၂၀၂၂
မင်းမြတ်(VOM)

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်က နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေရဲ့အမှုတွေကို ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတဦးကို မနေ့ စက်တင်ဘာ ၁၅ ရက်က ထောင်ဒဏ် ၂နှစ် အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ခံရတဲ့ တရားလွှတ်တော်ရှေ့နေဟာ အသက် ၃၉ နှစ်ရှိ ဒေါ်ဧရာလင်းထွန်းဖြစ်ပြီး သူ့ကိုပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်မေလ ၂၇ ရက်က ဟင်္သာတခရိုင်တရားရုံးကနေနိုင်ငံရေး တတ်ကြွလှုပ်ရှားသူတွေရဲ့ အမှုကိစ္စလုပ်ငန်းတွေကို ဆောင်ရွက်ပြီးအပြန် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

အဖမ်းခံရပြီးနောက် ဒေါ်ဧရာလင်းထွန်းကို ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ပြီး ၂ နှစ်နီးပါး စစ်ဆေးအပြီးမှာ အကျဉ်းထောင်တွင်းတရားရုံးကနေ အမိန့်ချမှတ်လိုက်တာလို့သိရပါတယ်။

လက်ရှိ ဒေါ်ဧရာလင်းထွန်းဟာ ကျန်းမာရေးမကောင်းဖြစ်နေပြီး အဖမ်းမခံရခင်အချိန်ကတည်း သားအိမ်ခွဲစိတ်ကုသထားရတဲ့အပြင် သွေးအား နည်းဂေါရှိတဲ့အတွက် ပုံမှန်ဆေးခန်းပြနေရတဲ့သူဖြစ်တယ်လို့ သိရပါတယ်။

“၂နှစ်နီးပါး စစ်ဆေးပြီး နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာ၊ သူကနိုင်ငံရေး တတ်ကြွလှုပ်ရှားသူတွေကို ကူညီပေးနေတဲ့သူပါ ၊ အခုလည်း နေမကောင်းဘူး အရင်ကလည်း ဆေးခန်းပြနေရတဲ့သူဆိုတော့ စိုးရိမ်တယ် ၊ ဧရာဝတီတိုင်းမှာတော့ အမျိုးသမီးရှေ့နေ တယောက်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်တာဟာ ပထမဆုံးပဲ ၊သူက လက် ရှိ နည်းနည်းတော့ပိန်သွားတယ် ကျန်းမာရေးကကောင်း တယ် ၊ အဖမ်းခံရပြီး ထောင်ထဲရောက်မှ နိုင်ငံတော်ဆူပူအောင်လုပ်တယ်ဆိုတဲ့ အမှုတပ်ခံရတာ ၊ ထောင်တွင်းတရားရုံးက အမိန့်ချတာ ၊ စိတ်ကောင်းရှိတယ် သဘောကောင်းတဲ့ ရှေ့နေပါ သူကလေ ၊ စိတ်ထဲမကောင်းဘူး ။”လို့ အမည်မဖော်လိုတဲ့လုပ်ဖော်ကိုင်ဖတ်ရှေ့နေတဦးကပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်းဟာ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ILAM) ရဲ့ဗဟိုအလုပ်အမှု ဆောင်တဦးဖြစ်ပြီး ဧရာဝတီတိုင်းရဲ့တာဝန်ခံအဖြစ် ဆောင်ရွက်နေသူဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“သူက တကယ့်ကူညီတတ်တဲ့ရှေ့နေတဦးပါ၊ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်က ပြန်လွတ်တဲ့အထဲမှာဆို သူလိုက်ပေးတဲ့သူ အများကြီးပြန်ထွက်လာခဲ့တာ၊ CDM ဝန်ထမ်းတွေ ငွေကြေမတတ်နိုင်တဲ့သူတွေ၊ ဆန္ဒပြလို့အဖမ်းခံရသူတွေ ကူညီပေးခဲ့တာမနည်းဘူး ၊ အမှုလုပ်ပေးတော့လည်း သူက အခမဲ့လုပ်ပေးတာ ၊ ပြည်သူအားကိုးရတဲ့ ရှေ့နေထဲက တဦးပါ”လို့ ဟင်္သာတမြို့ခံတဦးကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန် ၂ ရက်ကလည်းကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ နိုင်ငံရေးအမှုတွေကိုလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးကို တရားခွင်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၅၀၅-ကနဲ့ အမှုဖွင့်ထားတယ်လို့ လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဟင်္သာတ

Related posts

Leave a Comment

VOM News

FREE
VIEW