စစ်ရေးတင်းမာမှုတွေကြောင့် ရခိုင်က ရေကြောင်းခရီးစဉ်တွေရပ်နားထားရ

စက်တင်ဘာ ၁၇- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်အတွင်း တပ်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေဟာ တနေ့တခြား ပိုမိုပြင်းထန်လာပြီး ပြည်နယ်တွင်းခရီးသွားလာရေးတွေ အဆင်ပြေချောမွေ့မှုမရှိတော့တဲ့အပြင် ရေကြောင်းခရီးစဉ်တွေပါ ရပ်နားနေရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရေကြောင်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ ရွှေပြည်တန်အမြန်ရေယာဉ်ခရီးစဉ်အများစုကို ရေကြောင်းဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ရပ်နားထားတာလည်း ဖြစ်ပါတယ်။

အဲဒီလို ရွှေပြည်တန်ခရီးစဉ်တွေ ယာယီရပ်နားထားရတဲ့အထဲမှာ ရခိုင်ပြည်နယ် တောင်ကုတ်၊ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်နဲ့ ပေါက်တော မြို့တွေဘက်သို့ ပုံမှန်ပြေးဆွဲခွင့်ရပြီး ကျန်တဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦးနဲ့ မင်းပြား ဘက်သို့ ခရီးစဉ်တွေကိုတော့ ယာယီရပ်နားထားဖို့ ပြည်နယ်ကောင်စီက ညွှန်ကြားထား​တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့က ပြည်နယ်ကောင်စီ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ ရေးကြောင်းဌာနဆိုင်တွေက ရွှေပြည်တန်၊ မလိခ၊ အောင်ကျော်မိုးနဲ့ မြေပုံမြို့နယ် ကမ်းထောင့်ကြီးဘက် ပြေးဆွဲနေတဲ့ စက်လှေတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး အခုလိုပြောတယ်လို့ ရွှေပြည်တန်ကုမ္ပဏီတာဝန်ရှိသူတဦးက ပြောပါတယ်။

“လုံခြုံရေးအနေအထားအရ ယာယီပိတ်ထားတာဖြစ်ပြီးတော့ ပေါက်တောကိုတော့ ပြေးဆွဲလို့ရတယ်လို့ ပြောပါတယ်။ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာတော့မပြောဘူး။ နည်းနည်းသည်းခံပေးပါလို့ပြောတယ်” လို့ ရွှေပြည်တန် တာဝန်ရှိသူက ပြောပါတယ်။

ဒီလိုမျိုး ပြည်နယ်တွင်း အကြီးမားဆုံးရေကြောင်းဆက်သွယ်ရေး ကွန်ရက်ရပ်နားထားရတာကြောင့် ခရီးသွားပြည်သူတွေနဲ့ ရေကြောင်းကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေမှာ အခက်အခဲတွေရှိ​တယ်လို့ သူကပြောပါတယ်။

သူဆက်ပြောတာက “အနေအထားရ ကျနော်တို့လည်း ခွင့်ပြုချက်မရှိလို့ မထွက်တာပါ။ ခရီးသည်တွေရဲ့ အခက်အခဲတွေကိုလည်း ကျနော်တို့ နားလည်ပါတယ်။ လုပ်ငန်းတစ်ခုမှာတော့ လုပ်ငန်းလည်ပတ်မှုမရှိရင် အခက်အခဲတွေကတော့ ရှိပါတယ်။” လို့ ပြောပါတယ်။

စစ်တွေကနေ တခြားမြို့နယ်တွေကိုပြန်ကြမယ့်သူတွေနဲ့ တခြားမြို့နယ်တွေက စစ်တွေမြို့သို့ အဝေးသင်တက္ကသိုလ်ကျောင်းတက်ဖို့ လာရောက်ကြမယ့် ကျောင်းသား၊ ကျောင်းသူတွေမှာလည်း အချိန်မှီမရောက်မှာကို စိုးရိမ်နေကြပါတယ်။

ရသေ့တောင်ကနေ စစ်တွေကို ရေကြောင်းနဲ့လာရောက်ဖို့စီစဥ်ထားတဲ့ဒေသခံတဦးက ” ရွှေပြည်တန်နဲ့ သွားမလို့လုပ်နေတာ အခု ပိတ်လိုက်ပြီဆိုတော့မလာဖြစ်တော့ဘူး။ စက်လှေနဲ့လည်း သွားလို့မရဘူး။ ပါဒလိတ်ဘက်က ကားနဲ့သွားရင်လည်း လမ်းတွေသိပ်မကောင်းဘူး” လို့ ပြောပါတယ်။

ပြည်တွင်းရေကြောင်းခရီးစဉ်တွေဟာ အရင် ကိုဗစ်ကပ်ရောဂါကာလတုန်းက ဒီလိုမျိုးရပ်နားရတာရှိခဲ့ပြီး ဒီတစ်ကြိမ်ရပ်နားရတာကတော့ ဒေသတွင်း မတည်မငြိမ်မှုတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ဘက်မှာ နေ့စဉ်ဆိုသလို တပ်နဲ့ အေအေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး တခြားမြို့နယ်တွေမှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေကြ​တယ်လို့လည်း သိရပါတယ်။

ဆက်လက်ပြီး အေအေဘက်က စက်တင်ဘာ ၁၄ ရက်နေ့မှာ ခရီးသွားလာသူတွေအနေနဲ့ အေအေကိုအသိပေးသွားလာရမှာဖြစ်ကြောင်း အရေးပေါထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင်

Related posts

Leave a Comment

VOM News

FREE
VIEW